Home သတင်း ထားဝယ်−မေတ္တာကားလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ဟု သံမဏိ ပြောက်ကျားတပ်ဖွဲ့ထုတ်ပြန်

ထားဝယ်−မေတ္တာကားလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ဟု သံမဏိ ပြောက်ကျားတပ်ဖွဲ့ထုတ်ပြန်

1049
Photo: Crd.

ဖေဖော်ဝါရီလ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ ထားဝယ်− မေတ္တာကား လမ်းပိုင်း တွင် ဖေဖော်ဝါရီလ(၁၅)ရက် နေ့လည်(၁)နာရီတွင် စစ်ကောင်စီတပ်နှင့် ကော်သူးလေ အာမီ(KTLA)ပူး ပေါင်းတပ်ဖွဲ့များအကြား တစ်နာရီခန့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သံမဏိပြောက်ကျား(နဘယံ)အဖွဲ့၊ ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မဟာတပ်ရင်း-၂ (ခွဲ ၃)၊ တပ်ရင်း-၃ (ခွဲ ၆၊ ၇) တို့နှင့်အတူ မဟာမိတ်ပူး ပေါင်းအဖွဲ့ ဝင်များဖြစ်သော Dawei Defense Force (D.D.F) အဖွဲ့တို့ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သံမဏိပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

သံမဏိပြောက်ကျားတပ်ဖွဲ့၏တာဝန်ခံတစ်ဦးက “ ၅ ယောက်သေသွားတယ်။ တော်တော်များများက ထိခိုက်ဒဏ်ရာရတယ်။ ကျနော်တို့နဲ့တိုက်ပွဲမှာပါတာက ကော်သူးလေအာမီ(KTLA)ပါတယ်၊ KTLA တပ်ရင်း ၂ ခွဲ(၃)ပါတယ်၊ ခွဲ ၆ ပါတယ်၊ ခွဲ(၇)ပါတယ်။ နောက်တစ်ရက်မှာဆိုရင် ဥသြစစ်ကြောင်း ပါတယ်။ တိုက်ပွဲမှာ ဥသြစစ်ကြောင်းက တစ်ယောက်ကျတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၇)ရက် နံနက်(၉)နာရီခွဲအချိန်တွင်လည်း ထားဝယ်−မေတ္တာ ကားလမ်းပိုင်း၌ပင် ကော်သူးလေတပ်မတော်ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးထပ်မံသေဆုံးခဲ့သည်ဟု သံမဏိပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲသည့် ထားဝယ်−မေတ္တာကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေပြီး နယ်မြေခံပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ထိုလမ်းပိုင်းကို အသုံးမပြုရန် သွားလာနေသည့်ကားများနှင့် ပြည်သူများကို သတိပေးထားကြောင်း သံမဏိပြောက်ကျား တပ်ဖွဲ့၏တာဝန်ခံက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တဲ့လမ်းပိုင်းမှာ စကစဘက်က အင်အားဖြည့်ထားတယ်။ ကားနှစ်စီးနဲ့လာပို့ထားတယ်။ ပြည်သူတွေကို ကျနော်တို့တော့ပြောထားတယ်။ အဲ့ဒီလမ်းမှာကားအသွားအလာမလုပ်ဖို့ပေါ့။ စကစ ယာဉ်တန်းတွေဝင်လာပြီးဆိုရင် ကျနော်တို့သတင်းထုတ်ပြန်တယ်။ အခုလက်ရှိအခြေအနေမှာ စစ်ရေးကတင်းမာနေတယ်ဆိုတော့ ပြည်သူတွေအသွားအလာ ဂရုစိုက်ဖို့ပေါ့။ ကျနော်တို့ အဲ့ယာဉ်တန်းနဲ့ထိပ်တိုက်မှုဖြစ်ပြီး ပြည်သူတွေ ထိသွားမှာစိုးလို့”ဟု သံမဏိပြောက်ကျားအဖွဲ့တာဝန်ခံက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ KTLA ဘက်မှလည်း သတင်းထုတ်ပြန်ထားသလို အခြား ပူးပေါင်းတပ်ဖွဲ့များ လည်း အသီးသီးသတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။