Home သတင်း မပေါက်ကွဲသည့် လေယာဉ်ဗုံးသီးများရှိနေ၍ ရွာသားများ ပြန်လာနေထိုင်မရဲဖြစ်နေ

မပေါက်ကွဲသည့် လေယာဉ်ဗုံးသီးများရှိနေ၍ ရွာသားများ ပြန်လာနေထိုင်မရဲဖြစ်နေ

1508

ဇန်နဝါရီလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကုန်းကျေးရွာတွင် မပေါက်ကွဲသေးသော စစ်ကောင် စီတပ်၏ လေယာဉ်ဗုံးသီး ၆ လုံးထက်မနည်းရှိနေသေးသည့်အတွက် ဒေသခံရွာသား များမှာ ၎င်းတို့နေအိမ်ကို ပြန်လာနေထိုင်မရဲဖြစ်နေကြကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့အနီးကျေးရွာများတွင် ‌ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်က တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်းအပြင် လေကြောင်းများပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုအရှိန်လျော့ကျလာ၍ ကျေး‌ရွာအတွင်း ပြန်လာနေ ထိုင်မည်လုပ်ဆောင်သော်လည်း မပေါက်ကွဲသေးသော ဗုံးသီးများနှင့် လက်နက်ကြီး ကျည်များနှင့် လုံခြုံရေးစိတ်မချရသည့်အခြေအနေတို့ကြောင့် ပြန်လည် တိမ်းရှောင်နေရကြောင်းလည်း ရွာသားတစ်ဦးက ယခုလို ပြောသည်။

“ ကျန်းမားရေးမကောင်းတဲ့လူပါတော့ တောမှာနေရတာအဆင်ပြေလို့ရွာမှာ ပြန်လာနေတယ်။ ရွာမှာရောက်တော့ အိမ်တွေလည်း အများအပြား ထိခိုက် တာ‌တွေ့ရတယ်။ ဖောက်ထွင်းခံရတဲ့အိမ်လည်းရှိတယ်။ လေယာဉ်ဗုံး သီးလည်း မပေါက်တာရှိတယ်။ စစ်ကောင်စီကလည်း မနီးမဝေးမှာရှိတော့ တိုက်ပွဲ ထပ်ဖြစ်မှာစိုးလို့ သွားလာလို့အဆင်ပြေတဲ့နေရာပြန်ပြီး တိမ်းရှောင်ရတယ်”ဟု ၎င်းရွာသားက ပြောသည်။

ကော့ကရိတ်မြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီး များနှင့် လေယာဉ်များအဆက်မပြတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံအရပ် သားပြည်သူများနှင့် ဒေသခံနေအိမ်၊ ဥယျာဉ်ခြုံနှင့် တိရစ္ဆာန်အမြောက်အများ သေဆုံးပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသော လေယာဉ်ဗုံးသီး ၆ လုံးတွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ အခြားရွာသားတစ်ဦးကလည်း “ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လေယာဉ်ဗုံးသီး ၆ လုံးတွေ့တယ်။ တစ်လုံးက ပေါင် ၅၀၀ လားမသိဘူး၊ လူ ၈ယောက်ထမ်းရမယ်။ ကျန်တဲ့အလုံးတွေက နှစ်ယောက်စာ လောက်ထမ်း ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့ဇန်နဝါရီလ ၅ရက်နေ့တွင် ဒေသခံရွာသား အချို့ ၎င်းတို့နေအိမ်၌ ပြန်လာနေထိုင်ကြပြီဖြစ်ပြီး အများစုမှာ တိမ်းရှောင် နေကြဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကော့ကရိတ်မြို့ တိုက်ပွဲများပြင်းထန် လာသည့်အတွက် အာရှလမ်းမတွင်သွားလာသူမရှိဘဲ ပိတ်ထားနေရပြီး ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မိနစ်ပိုင်းသာ ဖွင့်ထားကာ ပြန်လည်ပိတ်ထားလိုက်ကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်လုပ် ဆောင်သည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။