Home သတင်း တောင်ကလေး အကျဉ်းထောင်မှ လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသား ၂၀ ဦး၀န်းကျင်သာ လွတ်မြောက်လာ

တောင်ကလေး အကျဉ်းထောင်မှ လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသား ၂၀ ဦး၀န်းကျင်သာ လွတ်မြောက်လာ

894
Photo: CJ

ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် တောင်ကလေးအကျဉ်းထောင်မှ ယမန်နေ့ ၇၅ နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာတွင် ၅၀၅ (က) ဖြင့် ထောင်ကျ နိုင်ငံရေးအကျဉ်းသားအကျဉ်းသား ၂၀ ဦးခန့်သာ ပါ၀င်ကြောင်း သိရှိ ရသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံလုံးအကျဉ်းထောင်များမှ ၇၀၁၂ ဦး အားလွတ်ငြိမ်းချမ်းသားခွင့်ပြုပေးသည်ဟု စစ်ကောင်စီက ယမန်နေ့ ထုတ်ပြန်ထားပြီး ကရင်ပြည်နယ် ဖားအံတောင်ကလေးထောင်မှ အကျဉ်းသား ၁၇၀ လွတ်မြောက် လာရာတွင် လွှတ်ရက်တစ်နှစ်အောက်သာ ကျန်တော့သည့် နိုင်ငံရေးအကျဉ်းသား ၂၀ သာပါဝင်ခဲ့ခြင်းဖြစ်သည်။

“မနေ့က လွတ်တာတွေက မူးယစ်ဆေးဝါးမှုတွေ၊ ခိုးမှုတွေကအကျဉ်းသားတွေများတယ်၊ ပထမလွှတ်သတင်းက ၁၅၀ လွှတ်မယ် ကြားပြီး၊ တစ်ကယ်လွှတ်တော့ လူ ၁၇၀အထိ လွှတ်တယ်။ ၅၀၅( က)သမားတွေက သိပ်မပါဘူး၊ ၂၀ လောက်ပဲလွှတ်တယ်၊ ဖားအံ ၊ ကော့ကရိတ်၊ မြ၀တီကနိုင်ငံရေး အကျဉ်းသားအုပ်စုတွေ မလွတ်ဘူး၊ ကျောင်းသား အုပ်စုတွေ မလွှတ်လာဘူး၊”ဟု အကျဉ်းသားမိသားစု၀င်တစ်ဦးက ကေအိုင်စီသို့ ပြော သည်။

ယမန်နေ့က လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးသူများတွင် မူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်၀ယ်တွေ့ရှိမှု၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ အဓမ္မပြုကျင့်မှုတို့ဖြင့် ပြစ်မှု၊ ပြစ်ဒဏ်ကျခံနေရသည့် လွတ်ရက်နီးနေပြီဖြစ်သည့် ရာဇ၀တ်အကျဉ်းသားများအား အကျဉ်းထောင်များ လုပ်လေ့လုပ်ထရှိသည့် အခြေအနေများအရ ထောင်ခါ ၊ အဆောင် ခါသည့် သဘောမျိုးသာဖြစ်နေကြောင်း ဖားအံမြို့ခံ နိုင်ငံရေးအကျဉ်းသား မိသားစု၀င်တစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီက သူအုပ်ချုပ်နေတဲ့အချိန်မှာ နိုင်ငံရေးနဲ့ ဖမ်းထားတဲ့သူတွေကို အဆမတန် အမြောက်အများ ဖမ်းထားတာ၊ စစ်ကြောရေးစခန်းတွေမှာ လူထောင်ချီ ရှိတယ်။ ဒါတွေကို ပြစ်မှု၊ ပြစ်ဒဏ်အမိန့်ချပြီး ထောင်ပို့ဖို့က နေရာမလုံလောက်ဘူး၊ လက်ရှိ ထောင်တွေမှာလည်း လူ ၁၀၀ လောက်ထားရတဲ့ အဆောင်တွေကို လူ ၃၀၀ လောက်ထားနေရတာ မျိုးဆိုတော့၊ အခုလွတ်တာတွေက ထောင်ခါ၊ အဆောင်ခါတဲ့ သဘောပါပဲ ”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီက နိုင်ငံရေးဖိအားကြောင့် နိုင်ငံရေးအကျဉ်းသားများ ပြန် လွှတ်ပေးခြင်းမျိုးမဟုတ်ကြောင်းလည်း ၎င်းဖားအံမြို့ခံနိုင်ငံရေး အကျဉ်းသား မိသားစု၀င်က ဆက်ပြောသည်။

“ရာဇ၀တ်မှုတွေက လွတ်ရက်နှစ်ပိုင်းလပိုင်း ကျန်သူတွေကိုအပြင် ထုတ်လွှတ်ပေးတဲ့ သဘောထက်မပိုပါဘူး။ တကယ့်နိုင်ငံရေးအကျဉ်းသားတွေ ၅၀၅(က) လွတ်ရက်ပြည့်ခါနီး သူတွေကို ဟန်ပြလောက်ပဲ ထည့်လွှတ်ပေးတာပါ ”ဟု သူက ပြောသည်။

စစ်ကောင်စီက စစ်အာဏာသိမ်းကာလ ၂ နှစ် နီးပါးရှိလာချိန်အတွင်း အကျဉ်း သားများ အား၊ လွှတ်ငြိမ်းချမ်းသာခွင့် ၉ ကြိမ်ခန့် လွှတ်ပေးသည့် အစီအစဉ်များလုပ်ဆောင်ခဲ့ပြီးဖြစ် သည်။

သို့သော် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လုပ်ရပ်များဖြင့် မတရားဖမ်းဆီး ထောင်ချ၊ အကျဉ်းကျခံနေရသူနှင့် စစ်ကောင်စီစစ်ကြောရေးစခန်း၊ ရဲစခန်း၊ ရဲအချုပ် ထောင်၊ စစ်တပ်အချုပ်ထောင်များ၊ သီးသန့် စစ်ဆေးရေးစခန်းများတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၅,၀၀၀ ထောင်ကျော်တွင် လူ ၁၀,၀၀၀ ကျော်ခန့်မှာ ဆက်လက် ဖမ်းဆီးထိန်းသိမ်း အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။