Home သတင်း အိမ်သုံးဆေးဝါးလမ်းကြုံယူလာသည့် လူငယ်အား စစ်ကောင်းစီတပ်က ရိုက်နှက်ပြီး ဆေးဝါးနှင့် ငွေသားများကို သိမ်းယူသွား

အိမ်သုံးဆေးဝါးလမ်းကြုံယူလာသည့် လူငယ်အား စစ်ကောင်းစီတပ်က ရိုက်နှက်ပြီး ဆေးဝါးနှင့် ငွေသားများကို သိမ်းယူသွား

929

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက အိမ်သုံးဆေးဝါးအတွက် လမ်းကြုံ ယူဆောင်လာပေးသည့် ဒေသခံ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က သွေးထွက်သံယိုအထိ ရိုက်နှက်ပြီး ဆေးဝါးနှင့် ငွေသားများကို သိမ်းယူသွားခဲ့သည်ဟု သိရသည်။

ကြားအင်းဆိပ်ကြီးမြို့မှအပြန် အိမ်သုံးဆေးဝါးအတွက် လမ်းကြုံယူဆောင်လာပေးသည့် ၎င်းလူငယ်အား မြို့အထွက် ၃ တိုင်ကျေးရွာထိပ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၃ ဂိတ်အလွန်တွင် စစ်ကောင်စီတပ်များက တားဆီးစစ်ဆေးစဉ် ဆေးထုပ်တွေ့ရှိသည့်အတွက် စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေး တပ်ဖွဲ့များအား ပံ့ပိုးသည့် ဆေးဝါးဟုစွပ်စွဲကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်နှက်ခံရသူက ပြောသည်။

ရိုက်နှက်ခံရသူ လူငယ်က “ကျနော်တို့ပြန်လာတော့ ဂိတ်လွန်ခါနီးပြီး သူတို့ပြန်ခေါ်ပြီးစစ်တာ ဆေးထုပ်တစ် ထုပ်တွေ့တော့ ကော်သူးလေဆေးခန်းကို ထောက်ပံ့ပေးတဲ့ဆေးလာဆိုပြီးပြောတယ်။ ရွာက ဆေးဆရာမက ကြာအင်းဆိပ်ကြီးမှာ သွားဝယ်ထားတဲ့ဆေးကို လမ်းကြုံယူသွားပေးတာပဲ ပြောလည်းမရဘူး။ ကျနော့်ကို စစ်မေးတယ်၊ အဲဒီမှာ သေနတ်နဲ့ ကျနော့်ခေါင်းကိုရိုက်တော့ သွေးထွက်ပြီး လမ်းဘေးနားက ဆိုင်ထဲကို ပြန်ခေါ်ပြီးပြန်စစ်တယ်။ ကျနော့်ကို ၁ နာရီနီးပါးကြာစစ်ပြီး ပြန်လွှတ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ အနီးရှိ ကျေးရွာတစ်ရွာမှ ဆေးဆရာမတစ်ဦး၏ ဆေးဝါးကို လမ်းကြုံ သယ်ဆောင်လာပေးသည့် အဆိုပါ လူငယ်အား စစ်ကောင်စီတပ်က ပြင်းထန်စွာ ရိုက်နှက်သည့်အပြင် ထိုလူငယ့်ထံမှ ဆေးဝါးအချို့နှင့် ငွေသား ၂၂၅,၀၀၀ ကျပ်ကိုလည်း အတင်းအဓမ္မသိမ်းယူခဲ့သည်ဟုလည်း ထိုလူငယ်က ဆက်ပြောသည်။

အဆိုပါ ရိုက်နှက်မှုပြုလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့ရှိ စခန်းသိမ်း တိုက်ပွဲဖြစ် ပွားခဲ့သည့်နောက်ပိုင်းမှ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ကြာအင်းဆိပ်ကြီး မြို့ပြင်နေရာများတွင် လုံခြုံရေးလမ်းကင်းချကာ သွားလာနေသည့် ပြည်သူများအား ပုံမှန်စစ်ဆေးမှု များပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် လုပ်ဆောင်ချက်အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ပြောခွင့်ရ စောနန္ဒဆူးက “လက်နက်ကိုင်ပဋိပက္ခဖြစ်တိုင်း လူထုတွေကတော့ အမြဲပဲ ဆေးကုသမှုအခွင့်အရေးတွေ ထိခိုက်တယ်။ လွတ်လွတ်လပ်လပ် သွားလာတဲ့အခွင့်အရေးလည်းဆုံးရှုံးတယ်။ ဒီလို ဆေးသယ်လာတာကို ကော်သူးလေကို ထောက်ပံ့တယ်ဆိုပြီး ရိုက်နှက်မှုလုပ်တာတွေဟာ လူထုတွေကို သက်သက်အနိုင်ကျင့်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကျေးလက်ဒေသရှိ ကျေးရွာများသည် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစုမှာ ကျေးရွာရှိ ဆေးကုသပေးနေသည့် ကျေးလက်ကျန်းမာရေးလုပ်သား ဆေးဆရာ၊ ဆရာမများနှင့်သာ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါ အသုံးပြုသည့် ဆေးဝါးများကို နီးစပ်ရာမြို့ရှိ ဆေးဆိုင်များတွင် သွားရောက်ဝယ်ယူနေကြရသည်ဟု သိရသည်။

စစ်တပ် အာဏာသိမ်းယူပြီးနောက်ပိုင်းမှစတင်၍ ကရင်ပြည်နယ်တွင် ကျေးလက်ဆေးပေးခန်းနှင့် တိုက်နယ် ဆေးရုံအများအပြားပိတ်ထားလိုက်ရသည်။ အချို့နေရာများတွင် တိုက်ပွဲမကြာခဏဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်က လမ်းတွင်ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်သည့်အတွက် ကျေးလက်နေ ဒေသခံလူထုများမှာ ဆေးကုသမှုအခက်အခဲကြုံတွေ့ကြရသည်ဟု သိရသည်။