Home သတင်း စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ် အမြင်

စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ် အမြင်

809
Photo: Crd.

ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ယခုလ ဇန်နဝါရီလ ၉ရက်မှ ၃၁ ရက်နေ့အထိ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထို့ကြောင့် စစ်ကောင်စီတပ် ကျင်းပရန် ကြိုးပမ်းနေသည့် (၂၀၂၃) ရွေးကောက်ပွဲအပေါ် အနယ်အနယ်အရပ်ရပ်မှ အလွှာစုံ ဒေသခံ ပြည်သူလူထုများ၏ အမြင်သဘောထားများကို စုစည်းလိုက်ပါသည်။

(မြဝတီမြို့ခံလူငယ်)
ဒါက သူတို့ဘာ သူတို့လုပ်တဲ့ရွေးကောက်ပွဲလေ။ ပြီးတော့ တစ်တိုင်းပြည်လုံးကလည်း ဒါကိုလက်မခံကြဘူး။ မြဝတီမှာတောင်မသိတဲ့သူတွေတစ်ပုံကြီးပဲ။ အခုသူတို့ဘက်က ပြောတယ်။ (NLD)ပါတီ ရွေးကောက်ပွဲမှာ ပြန်မဲပေးရွေး မယ်လို့ ပြောနေကြတယ်။ ဒီကလူတော်တော်များများက ဟို့တစ်နေ့က လက်ဖက်ရည်ဆိုင်မှာ ဘာတွေပြောနေကြလဲဆိုရင် အားလုံး(NLD)ကို မဲပြန်ထည့်ကြမယ်ပေါ့။ မဲပြန်ပေးရွေးမယ်ဆိုပြီး မြဝတီမှာ သတင်းလွှင့်နေတယ်။ အဲ့ဒါကို ဒီကလူတွေ တစ်ချို့တော်တော်များများက NLD ပြန်ပေးရွေးလို့နိုင်ရင် NLD ပဲပြန်နိုင်မှာပေါ့။ သူတို့ကအဲ့လိုမျိုး ပြောချင်တယ်။ ဒီကလူအားလုံးကလည်း NLD ပဲထည့််မယ်ဆိုပြီး ပြောနေကြတယ်။

ကျနော်တို့ကတော့ အဲ့လိုမျိုးမဟုတ်ဘူးထင်တယ်။ ကျနော်တို့က ရွေးကောက်ပွဲလုပ်မှာကိုတောင် လက်မခံသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါသူတို့ထွက်ပေါက် အနေနဲ့ လုပ်တာလို့ ကျနော်မြင်တယ်။ သူတို့ အပြစ်မရှိတော့ဘူးလေ၊ ဒီလိုမျိုးရွေးကောက်ပွဲလုပ်ပေးလိုက်တယ်ဆိုရင် သူတို့ထွက်ပေါက်ဖြစ်သွားတာပေါ့။

(သစ်တောဌာနမှ (CDM)ဝန်ထမ်း)
စစ်ကောင်စီတပ်က ပြုလုပ်တဲ့ရွေးကောက်ပွဲဆိုတာ အသိအမှတ်ကို မပြုတာပါ။ ရွေးကောက်ပွဲလုပ် တယ်လို့လည်း မထင်ထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၀ရွေးကောက်ပွဲမှာ ဝန်ထမ်း တစ်ယောက် အနေနဲ့မဲပေးခဲ့ပြီးပြီ။ အဲ့ဒီမဲပေးခဲ့တာကိုလည်း ပြည်သူနဲ့အတူ အခုအချိန်အထိ အသိအမှတ်ပြုထားလို့ စစ်ကောင်စီကို အာဏာဖီဆန်ပြီး (CDM)လုပ်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ လုပ်တယ်လို့ကို အသိအမှတ် မပြုထားတဲ့အတွက် ဖြစ်လာမယ်လို့မထင်ပါဘူး။ ဖြစ်လာခဲ့ရင်လည်း ပြည်သူ့ဘက်က ရပ်တည်ထားတဲ့ CDM ဝန်ထမ်း တစ်ယောက် အနေနဲ့အသိအမှတ်မပြုပါဘူးလို့ပဲ ပြောချင်ပါတယ်။

Photo: Crd.

မဲစာရင်းကောက်ခံတဲ့အခါမှာ ပါဝင်တဲ့သူတွေကို ဒလန်လို့သတ်မှတ်ပြီး တိုင်ကြားနိုင်တယ်လို့ ဇန်နဝါရီ(၅)ရက်က တော်လှန်ရေးအဖွဲ့အပါအဝင် NUG အစိုးရက ထုတ်ပြန်ပြီးသားပဲ။ တော်လှန်ရေးအင်အားစုတွေကလည်းပြောရင် ပြောထားသလို ထိရောက်တဲ့ဟန့်တားမှု အရေးယူမှုတွေ လုပ်ပြပါလိမ့်မယ်။ စစ်ဟာရန်ငါပြတ်ပြီးသားဖြစ်သလို NUG အစိုးရကလည်း တရားဝင် ပြတ်ပြတ် သားသားပြောပြီးသားမို့ ဒါကြောင့်မဲစာရင်ကောက်ခံချိန်မှာပါဝင်နေကြသူတွေဟာ တစ်ချိန်ကျရင် ကျနော် ကျမတို့ဖိအားပေးခံရသလို မသိလို့ပါဆိုပြီး မျက်ရည်ခံထိုးလို့ ငိုပြလို့မရဘူးဆိုတာ သိထားပါလို့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်ပေးတဲ့သူတွေကိုလည်းပြောချင်ပါတယ်။

(လွတ်မြောက်နယ်မြေရောက် လူငယ်)
၂၀၂၃ ရွေးကောက်ပွဲလုပ်မဲ့အပေါ်မှာ ကျမအနေနဲ့ကတော့ လုံးဝဆန့်ကျင်တယ်။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း မလိုလားဘူး။ ကျန်ခဲ့တဲ့ကျမတို့မိသားစုတွေလည်း လုံးဝမဲထည့်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကောင်တွေကို ကျမတို့ဆန့်ကျင်တာအဆုံးထိဆန့်ကျင်မှာပဲ။ သူတို့ဘာသာ ဘာကြီးပဲလုပ်နေပါစေ ကျမတို့ကတော့ ဆန့်ကျင်မှာပဲ။ ကျမအထင်ကတော့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကတော့ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မဲထည့်မယ်။ ပြီးရင်တစ်ခါနောက်ထပ်ကြိုတင်မဲပြုပြင်ပြင်ဆင်တယ်။ ဒီလောက်နဲ့ပဲ သူတို့ပြီးသွားလိမ့်မယ်။ ဘာကြောင့်လဲဆို ပြည်သူလူထုက သူတို့ကိုမလိုလားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကတော့ ရွေးကောက်ပွဲမဖြစ်ဖြစ် အောင်လုပ်မယ်လို့သူတို့က ပြောတာပဲ။

(ဖားအံမြို့ခံ တစ်ဦး)
သူတို့လုပ်တဲ့ရွေးကောက်ပွဲကို ဘယ်သူကသွားပြီးမဲသွားထည့််ချင်မှာလဲ။ အခုသူတို့က သေနတ်အားကိုးနဲ့ အိမ်ပေါ်ထိ တက်လာပြီး အတင်းအိမ်ထောင်စုစာရင်းတောင်းတယ်။ မှတ်ပုံတင်လည်းပြ လက်မှတ်ပါထိုးခိုင်း ပြီး စားရင်းကောက်သွားပြီး သူတို့ဘာသူတို့မှတ်သွားတယ်။ လူအင်အားအများကြီးနဲ့ အိမ်ရှေ့မှာ လာပြီးစောင့်နေတယ်။ (လ ဝ က) တွေရော၊ စစ်သားတွေရော၊ ရပ်ကွက်လူကြီးတွေရောအကုန်ပါတယ်။ ရပ်ကွက်တိုင်းအကုန်လိုက်ကောက်နေတာ။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကလည်း စစ်မှန်တဲ့ရွေးကောက်ပွဲမှမဟုတ်ပဲ။ ပြည်သူတွေကို အတင်းအဓမ္မခြိမ်းခြောက်ပြီး လုပ်တဲ့ ရွေးကောက်ပွဲကြီးလေ။