Home သတင်း ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သင်းအုပ်ဆရာတော် အပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သင်းအုပ်ဆရာတော် အပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

1394
Photo: Free Burma Rangers

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာရှိ ခရစ်ယာန် ဘုရား ကျောင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်သောကြောင့် အသင်းအုပ်ဆရာတော်တစ်ပါးအပါအဝင် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီလေကြောင်းမှ လေးဝါး ကျေးရွာ အပေါ် ဗုံးသီး ၆ လုံးကြဲ ချခဲ့ပြီး ရွာရှိ ခရစ်ယာန်ဘုရား ကျောင်းအပေါ် ထိမှန်ကျ ရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ယခုလို ဘာသာရေးခေါင်းဆောင်နှင့် အရပ်သားပြည် သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု KNU တပ်မဟာ (၅)၏ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ကလည်း ပြောသည်။

၎င်းက “၁၂ ရက်နေ့ နေ့လည် ၂ နာရီ အချိန်မှာ စကစ လေယာဉ် နှစ်စင်း လူသောမြို့နယ် ပေကေး ကျေးရွာ အုပ်စုမှာရှိတဲ့ လေးဝါး ရွာကို ဗုံးသုံးချီ ၆ လုံး လာကြဲချတယ်။ ကက်သ လစ်ခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦး အပါအဝင်ရွာသား ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိတယ်လို့ လောလောဆယ်သိရတယ်။ ရွာသူရွာသားတွေ ကစဉ့်ကလျားဖြစ်နေ တာကြောင့် အခုထိပြန်လည်စိစစ်လို့ မရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လေးဝါးကျေးရွာအနီးဝန်းကျင်ရှိ ဒေသခံရွားသားများလည်း ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မူတြော်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လဲထူးဖို ဒေသအတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၆ ဦး ထိခိုက်သေဆုံးခဲ့ရ သေးသည်။

ထို့အတူ အဆိုပါ နေ့တစ်ရက်တည်းပင် စစ်ကောင်စီမှ တိုက်လေယာဉ် ၇ စင်း အသုံးပြု၍ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ဗုံးသီးအလုံး ၂၀ ခန့် ဝင်ရောက်ကြဲချခဲ့ပြီး ဒေသခံရွာသားထိခိုက်သေဆုံးမှုများရှိသလို ၎င်းတို့ လုပ်ကိုင်စားသောက်ရာ တောင် ယာစိုက်ပျိုးခင်းများလည်း ထိမှန်ပျက်စီးသွားကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅)၏ ၂၀၂၂ခုနှစ်အတွက် စာရင်းပြုစုထားသည့် နှစ်ချုပ် တိုက်ပွဲစာရင်းအရ တစ်နှစ်အတွင်း ၎င်းတို့ နယ်မြေတွင် တိုက်ပွဲပေါင်း (၂,၇၃၇)ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်း ၃၅ ကြိမ်ပြုလုပ်ပြီး ဗုံးသီး (၁၈၂)လုံး ကြဲချခဲ့ သည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ခဲ့၍ CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားခဲ့သေးသည်။