ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ(၅)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သောဆန္ဒပြမှုတွင် နိုင်ငံရေးအကျဉ်း သားများ အကြမ်းဖက်နှိပ်စက်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများပြစ်ဒဏ်ခံရမည်ဟု ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုလိုက်သည်။
သေဒဏ်ချမှတ်ခံခဲ့ရသော မြန်အောင်မြို့နယ်မှ CDM ကျောင်းဆရာ ကိုကောင်းခန့်ကျော်အတွက် ကြိုးစင် တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ စတင်ဆန္ဒပြခဲ့သော နိုင်ငံရေးအကျဉ်းသား(၈)ဦးအနက် တစ်ဦးမှာ ပျောက်ဆုံးနေပြီး ကျန်(၇)ဦးမှာတိုက်ပိတ်ခံခဲ့ရသည့်အတွက် ပြန်ထုတ်ပေးရန် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြတောင်းဆိုခဲ့ရာတွင် စစ်ကောင်စီဘက်မှ အင်အားသုံး၍ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား(၁)ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး (၇၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်အပေါ် ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဒါဟာ မဖြစ်သင့်တဲ့ လူ့အခွင့် အရေးဆုံးရှုံးမှုပါ။ ထောင်တွင်းစည်းကမ်းကို ချိုးဖောက်ခဲ့သည့်တိုင် ဥပဒေအရ ထပ်တိုးတရား စွဲပြီး ပြစ်ဒဏ် ချမှတ်သင့်ပါတယ်။ အခုလိုမျိုး ဆူပူမှုကို တမင်တကာဖန်တီးပြီး လူသေစေလောက်တဲ့ လက်နက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အချုပ်ဆောင်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိမ်နင်းတာဟာ အကြမ်းဖက် တွေရဲ့ဇာတိ ရုပ်ကို ထုတ်ပြလိုက်တာပါ။ အဲဒီအတွက် ဒီနှိမ်နင်းမှုကို ဦးဆောင်သူတွေ၊ တာဝန်ရှိသူတွေ တစ်နေ့မှာ ဒီပြစ်ဒဏ်အတွက် မလွဲမသွေခံရပါမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ(၈)ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား အကျဆောင်နှင့် အချုပ်ဆောင်သို့ ပြစ်ဒဏ်ချမှတ်ခံရပြီးသူများနှင့် တရားရင်ဆိုင်နေရဆဲသူများဟူ၍ ခွဲထုတ်လိုက်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအား ခေါင်းကတုံးတုံးပြီး တစ်နေ့လျှင် ထမင်းတစ်နပ်သာကျွေး၍ ထောင်ဝင် စာတွေ့ခွင့်ရပ်ဆိုင်းထားကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော အကျဉ်းသား(၄)ဦးသာကျန်ရှိပြီး ကျန်အကျဉ်းသားများအား ထောင်တွင်းသို့ပြန်ပို့ပြီးဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆက်ပြောသည်။
ထို့အပြင် ပျောက်ဆုံးနေဆဲဖြစ်သော မဲကြီး(ခေါ်)ဝင်းမင်းထက်နှင့်ပတ်သက်၍ ၎င်းအား လာရောက်ခေါ်ဆောင် သွားသည့် ဇန်နဝါရီလ(၅)နေ့မှစပြီး ယနေ့အချိန်ထိသတင်းမရရှိသောကြောင့် ၎င်း၏မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြသည်ဟု နီးစပ်သူများက ပြောသည်။
အဆိုပါ ဖြစ်ရပ်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ကီးပတ်တစ်လုံး ရှာဖွေသိမ်းဆည်းမိသည့်အတွက် အကျဉ်း ဦးစီးဝန်ထမ်းများမှ စစ်ဆေးနေစဉ် အကျဉ်းသားများမှာ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် လုပ်ဆောင်၍ တံခါးများဖျက် ဆီးခြင်း၊ ရန်မူတိုက်ခိုက်ခြင်းများရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လန့်ပစ်ခတ်ရာ အကျဉ်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ အကျဉ်းသားတစ်ဦးသေဆုံးပြီး (၆၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီဘက်မှ ဇန်နဝါရီလ (၆)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပုသိမ်အကျဉ်း ထောင်တွင်းဖြစ် စဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်ဟူသော ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်နေသည်ဖြစ်၍ အဆိုပါ ဖြစ်စဉ်အပါအဝင် အကျဉ်းထောင်တွင်း ညှင်းပန်းနှိပ် စက်အကြမ်းဖက်မှုများ၊ မတရားသတ်ဖြတ်မှုများအား မှတ်တမ်းတင်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား ပေးပို့ခြင်းစသော နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ(၈)ရက်နေ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။