Home သတင်း ဖက်ဒရယ်နှင့်တန်းတူအခွင့်ရရှိရေးအတွက် မဟာမိတ်လူငယ်များနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဟု KYO ဥက္ကဌ ပြော

ဖက်ဒရယ်နှင့်တန်းတူအခွင့်ရရှိရေးအတွက် မဟာမိတ်လူငယ်များနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဟု KYO ဥက္ကဌ ပြော

421

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖက်ဒရယ် ဒီမိုကရေစီနှင့် တန်းတူအခွင့် ရရှိရေးအတွက် အခြားတိုင်းရင်းသား မဟာမိတ်လူငယ်များနှင့် အတူ တကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု (၆)ကြိမ်မြောက် ကရင်လူငယ်အစည်းရုံး(KYO)ဗဟို ကွန်ဂရက်တွင် ဥက္ကဌဖြစ်သူ စောလယ်နယ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်လာကြသဖြင့် မြန်မာ့အရေးနှင့် အာဏာရှင် ဟူသမျှ တော်လှန်ရေးရာ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ လူငယ်များသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေ သဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံမှ လူငယ်များ အတူတကွ စည်းလုံးပြီး လက်တွဲလုပ်ဆောင်ရန် လိုသည်ဟု KYO ဗဟို ဥက္ကဌ စောလယ်နယ်က ပြောသည်။

၎င်းက “ ကျနော်တို့လူငယ်တွေဟာ မိမိတို့ လူမျိုးအတွက် တန်းတူအခွင့်အရေးအတွက် တော်လှန်ရာမှာ မိမိတို့ လူမျိုးအတွက်တစ်ခုတည်းမက အခြားတိုင်းရင်းသားလူမျိုးစုအတွက်ပါ စဉ်းစားလုပ်ဆောင်သွားကြဖို့လိုပါတယ်။ ဒါကြောင့် ဖက်ဒရယ် ဒီမိုကရေစီ အစစ်ရရှိဖို့အတွက် ကျနော်တို့ ကရင်လူငယ်တွေဟာ အခြားမဟာမိတ် တိုင်းရင်းသား လူငယ်တွေနဲ့ စုပေါင်းလုပ်ဆောင်သွားမယ်”ဟု ပြောသည်။

KNU-ကရင်အမျိုးသားအစည်းရုံး ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ယခုလ ဇန်နဝါရီလ ၃ရက်မှ ၇ရက်နေ့အထိ ကျင်းပခဲ့သော (၆)ကြိမ်မြောက် (KYO)ဗဟိုကွန်ဂရက်ရွေးကောက်ပွဲတွင် ဗဟိုအလုပ်အမှုဆောင် (၁၁)ဉီးအား အဆင့်ဆင့် လျှို့ဝှက်မဲပေးစနှစ်ဖြင့် ရွေးကောက်တင်မြောက်ကြပြီး ဥက္ကဋ္ဌအဖြစ် လက်ရှိဥက္ကဋ္ဌဖြစ်သူ စောလယ်နယ်၊ ဒုဥက္ကဌ စောဆဲခူးကော်၊ အတွင်းရေးမှူး စောဂိုးဒန်း၊ တွဲဘက်အတွင်း ရေးမှူး(၁) နော်ဂေဆမူးနှင့် တွဲဘက်အတွင်းရေးမှူး(၂) စောအယ်ထီ့ကော်တို့ ရွေးကောက်တင်မြောက်ခဲ့ကြသည်။

အဆိုပါ KYO ကွန်ဂရက်တွင် (KNU)ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်လူငယ်များ၊ မြန်မာတစ်နိုင်ငံလုံးရှိ ကရင်လူငယ်များနှင့် ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူငယ်များအပါအဝင် စုစုပေါင်း ကရင်လူငယ်ခေါင်းဆောင် ကိုယ်စားလှယ် (၆၀) နီးပါးတက်ရောက်ခဲ့ကြသည်။

၆ ကြိမ်မြောက် KYO ဗဟို ကွန်ဂရက်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို လူငယ်များက ပြန်လည်ရွေး ကောက်တင်မြောက်လိုက်သည့် ကော်မတီအသစ်အနေဖြင့် မိမိတို့ ကရင်လူမျိုးတစ်ခုတည်းအတွက်သာမက အခြား တိုင်းရင်းသားမဟာမိတ်လူငယ်များနှင့်အတူပူးပေါင်းလုပ်ဆောင်နိုင်မည်ကို ယုံကြည်ထားသည်ဟု ကွန်ဂရက်ကို တက်ရောက်သည့် ဖားအံခရိုင်၊ နဘူးမြို့နယ်လူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဒီကျနော်တို့ ရွေးချယ်လိုက်တဲ့ အီးစီအဖွဲ့မှာ ကျနော့်တစ်ယောက်အနေနဲ့ ဖြစ်စေချင်တာက ကျနော်တို့ ကရင်ထု တစ်ရပ်လုံးသာမကပဲနဲ့ ကျနော်တို့ရဲ့ ဒီမြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကိုပါ ဖက် ဒရယ်အနှစ်သာရကို သူတို့အနေနဲ့ ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်ပေးသွားနိုင်ကြမယ်လို့တော့ ကျနော် ယုံကြည် ပါတယ်”ဟု ၎င်းက ပြောသည်။

ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဉီးဖြစ်သူ နန်းကြည်ကြည်ခိုင်ကလည်း ရွေးကောင်တင်မြောက်ခြင်းခံရသည့် KYO ဗဟို ကော်မတီအဖွဲ့အနေဖြင့် ကွန်ဂရက်တွင် ကရင်လူငယ်ထုအတွက် ခေတ်ကာလအရ ၎င်းတို့၏ လိုလားချက်များကို ရှေ့လုပ်စဉ်များ ချက်မှတ်ပြီး မိမိတို့ ကော်မတီအနေဖြင့် အတတ်နိုင်ဆုံး အတူတကွ ပူးပေါင်းလုပ်ဆောင် အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်အစည်းအရုံး -KYO သည် အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၊ မြန်မာနိုင်ငံ သမ္မတ(ငြိမ်း) မန်းဝင်း မောင်၊ မန်းကျော်စိန်တို့မှ ဉီးဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် အဖွဲ့အတွင်း လူငယ်ခေါင်းဆောင်အချင်းချင်းကြား သဘောထားကွဲလွဲမှုများကြောင့် အဖွဲ့၏ လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။

ယင်းနောက် KNU ကို အထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များကို မွေးထုတ်နိုင်ရေး အတွက် ရည်ရွယ်ပြီး ၁၉၈၉ ခုနှစ်တွင် KNU ဌာနချုပ်ဟောင်းဖြစ်သည့် မာနယ်ပလောတွင် KYO အဖွဲ့အား ဒုတိယအကြိမ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။