ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတွက် ဧည့်စာရင်းများနှင့်တကွ ရပ်ကွက်အတွင်းနေထိုင်သူများကို ရပ်ကွက်ရုံးသို့ခေါ်ယူပြီး လူဦးရေစာရင်း ကောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဒေသခံပြည်သူများကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်၍ အိမ်ထောင်စုစာရင်း နှင့်အတူ မွေးသက္ကရာဇ်စစ်ဆေးခြင်း၊ နေအိမ်အတွင်း လက်ရှိ နေထိုင်သူဦးရေ မေးမြန်းခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း ထားဝယ်မြို့နေ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အရင်နှစ်တွေကဆိုရင် အိမ်အထိလာပြီး ဧည့်စာရင်းကောက်တယ်။ အိမ်မှာဘယ်နှစ်ယောက်ရှိလဲ စစ်တယ်။ အခုကျတော့ ရွေးကောက်ပွဲ လုပ်ဖို့အတွက်ကို ရပ်ကွက်ရုံးကိုသွားပြီး အိမ်ထောင်စုစာရင်းတွေ၊ အစုံပဲယူသွားရတယ်။ ပြီးတော့ သူတို့က မေးမြန်းတာတွေ လုပ်တာပေါ့။ လောင်းလုံဘက်မှာ ဧည့်စာရင်းစစ်တဲ့ သူတွေ ပစ်ခံရတယ်။ အဲ့ဒါကြောင့် သူတို့တွေက ကြောက်ပြီး ရပ်ကွက်ရုံးကိုခေါ်ပြီးစစ်တာဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင်မလာတော့ဘဲနဲ့လေ။”ဟု ကေအိုင်စီ သို့ပြောသည်။
ယခုလို ရွေးကောက်ပွဲအတွက် ရပ်ကွက်ရုံးသို့ခေါ်ယူပြီး ဧည့်စာရင်း လူစာရင်း ကောက်ခံမှုများ ပြုလုပ်ခြင်းကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းများအတွက်လည်း အခက်အခဲများရှိနေပြီး အဖမ်းခံရမည်ကို စိုးရိမ်ကြကြောင်း (CDM) ပြုလုပ်ထားသူ ထားဝယ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“အခုက ရပ်ကွက်ရုံးထိသွားရတာဆိုတော့ ကျမတို့အတွက်က အခက်အခဲတွေကတော့ရှိတာပေါ့။ သူတို့က ဟိုရောက်တော့ ဧည့်စာရင်းတွေ ဘာတွေစစ်တယ်။ စစ်ဆေးမေးမြန်းတာတွေလုပ်တဲ့အတွက် အဲ့ဒီမှာပဲ ရုတ်တရက် ကောက်ဖမ်းလိုက်ရင် သွားပြီးလေ။ သူတို့ရဲ့အကျင့်က ကောင်းတာမှ မဟုတ်တာ၊၊ ကြောက်နေရ တာပေါ့”ဟု ပြောသည်၊၊
အလားတူ ထားဝယ်မြို့နယ်ရှိ ကျေးရွာများဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များနှင့် စစ်ကောင် စီတပ်များအကြား နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မြို့ပေါ်နေရာများတွင်လည်း အာဏာသိမ်းစစ် ကောင်စီက ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြ ငွေညှစ်တောင်းခံခြင်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ကို ယခုချိန်အထိ လုပ်ဆောင်လျက်ရှိနေကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။