Home သတင်း KNU နှင့် NMSP မဟာမိတ်အဖြစ် ပိုမိုပေါင်းစည်းနိုင်ရေး ကရင်နှင့်မွန်လူငယ်များ တိုက်တွန်းမည်

KNU နှင့် NMSP မဟာမိတ်အဖြစ် ပိုမိုပေါင်းစည်းနိုင်ရေး ကရင်နှင့်မွန်လူငယ်များ တိုက်တွန်းမည်

1301

ဒီဇင်ဘာ ၂၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီ- NMSP တို့ကို မဟာမိတ်အဖြစ် ပိုမိုပေါင်းစည်းသွားနိုင်ရန် ကရင်နှင့် မွန်လူငယ်အဖွဲ့များက အတူတကွတိုက်တွန်းဆောင်ရွက်သွားမည်ဟု နှစ်ဖက် လူငယ်တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယအပတ်က ဝင်းရေးမြို့နယ်တွင် ပြုလုပ်သည့် မြို့နယ်ကရင်လူငယ်အစည်းအရုံးနှင့် မွန်ပြည်နယ်အခြေစိုက် မွန်လူငယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် ထိုသို့ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံး ဥက္ကဌ စောဖိုးခွားဒို့က ပြောသည်။

၎င်းက “ မွန်နဲ့ ကရင်က ဟိုးယခင်ကတည်းက ကျနော်တို့တွေဟာ မဟာမိတ်တွေဖြစ်တယ်။ ဒီကြားကာလမှာ သွေးထိုးမှုတွေကြောင့်နဲ့ပဲ မွန်၊ ကရင်လူငယ်တွေကြားမှာ စိတ်ဝမ်းကွဲကြလာတယ်။ ဒါကို ပြဿနာမကြီး ထွားလာအောင် အချင်းချင်းတွေ့ဆုံပြီး အမြင်သဘောထားတွေ ဆွေးနွေးချပြတယ်။ တူညီတဲ့အချက်တွေ ပေါင်းလုပ်ကြမယ်။ နှစ်ဖက်မိခင်အဖွဲ့တွေလည်း ပိုပြီးပေါင်းစည်းနိုင်အောင် တိုက်တွန်း လုပ်ဆောင်သွား မယ်ပေါ့နော်” ဟု ဒီဇင်ဘာ ၂၅ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။

ထိုနေ့တွေ့ဆုံပွဲတွင် ကြားကာလနိုင်ငံရေးအခြေများနှင့်ပတ်သက်၍ အမြင်သဘောထားများ ဆွေးနွေး ဖလှယ်ခဲ့ကြကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုခရီးအထိ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ၎င်းတို့၏ နှစ်ဖက်အခြေခံသဘောတူညီချက်များတွင် ထည့်သွင်းထားကြောင်း လူငယ်တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် မွန်+ကရင် ပူးတွဲအုပ်ချုပ်ရေးဒေသတွင် လူငယ်အသိပညာပေးများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး လူငယ်အခန်းကဏ္ဍများအား ဖိနှိပ်ခံရသည့်အခါတွင်လည်း အတူတကွပူးပေါင်းဆန့်ကျင်သွားကြရန်နှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားလူငယ်များ၏ အခန်းကဏ္ဍများ မြှင့်တင်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မွန်၊ ကရင်လူငယ်ခေါင်းဆောင်များ၏ နှစ်ဖက်အခြေခံသဘော တူညီချက်များတွင် ထည့်သွင်းထားသည်ဟု သိရသည်။

“ မွန်နဲ့ ကရင်လူငယ်တွေကြားမှာ ချစ်ကြည်ရင်းနှီးမှု ပိုမိုရလာအောင် တွေ့ဆုံကြတာ ဖြစ်တယ်ပေါ့နော်။ ဒီကြား ကာလမှာ မိမိတို့ရဲ့အမြင်သဘောထားတွေ ဖလှယ်ကြတဲ့သဘောပါပဲ။ အချင်းချင်းညီညွတ်မှုတွေပိုမိုရှိလာအောင် မဟာမိတ်ရေးရာမှာလည်း ပိုပြီးခိုင်မာအောင်ပေါ့၊ အခြေခံသဘောတူညီချက်တွေ ဆွေးနွေးကြတယ်။ ဖက်ဒရယ် တည်ဆောက်ရေးအထိ အတူတကွလက်တွဲနိုင်အောင် ဆောင်ရွက်သွားမယ်” ဟု မွန်လူငယ်အဖွဲ့မှ နိုင်ဗညား အောင်မွန်က ပြောသည်။

KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့တွင် မွန်လူမျိုးနှင့် ကရင်လူမျိုးတို့ ရောနှောနေထိုင်ကြပြီး ပူးတွဲအုပ်ချုပ်ရေးနယ်မြေများလည်း ထားရှိကြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွင် နိုင်ငံရေးအခြေအနေကြောင့် မွန်ပြည်သစ်ပါတီနှင့် KNU တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်ခဲ့ကြပြီးနောက် နှစ်ဖက်ခေါင်းဆောင်များမှ လူမျိုးရေး ပဋိပက္ခများ လျော့နည်းသွားအောင် မဟာမိတ်ဖွဲ့ခဲ့ကြပြီး ပြည်သူ့အကျိုးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လေ့ရှိသည်ဟု KNU ခေါင်းဆောင်များထံမှ သိရသည်။