Home သတင်း ကော့ကရိတ်မြို့အနီးတွင် ရွာသူရွာသား၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

ကော့ကရိတ်မြို့အနီးတွင် ရွာသူရွာသား၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

1332
Photo: CJ

ဒီဇင်ဘာလ ၂၇ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာတွင် ယနေ့ဒီဇင်ဘာလ ၂၇ရက်၊ နေ့လည်အချိန်တွင် ရွာသားရွာသားများ၏ နေအိမ် ၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခြင်းခံရသည်ဟု ကိုယ်တိုင်တွေ့မြင်သူများက ပြောသည်။

ကော့ကရိတ်မြို့အနီး ကော့နွဲရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ ယနေ့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံရွာသူရွာသားများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လောလောဆယ်တော့ အိမ် ၃ လုံးမီး လောင်တာတွေ့တယ်။ ရွာအနှံ့တော့ လိုက်မကြည့်ရသေးဘူ။ တစ်ခြားနေရာတော့ ရှိအုံးမလားမသိဘူး။ စစ်တပ်တွေတော့ ရွာထဲမှာမတွေ့တော့ဘူး။ မီးရှို့ပြီးပြန်ဆုတ်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က စစ်သုံးလေယာဉ်နှင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ကျေးရွာတွင် လူနေအိမ်အဆောက်အုံနှင့် ဥယာဉ်ခြံ ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ကော့နွဲရွာသားတစ်ဦးက “အလုပ်အကိုင်၊ ပိုင်ဆိုင်မှုလည်းဘာမရှိဘူး။ ရွာမှာတော့ လက်ကြီးတွေအမြဲကျနေတယ်။ အိမ်တွေ၊ တိရစ္ဆာန်တွေ အများအပြားထိတယ်။ ဘယ်သူ့ဟာထိလည်း တော့မသိဘူး။ ရွာမှာအိမ်တွေမီးရှို့ခံရတာလည်း ကြားတယ်။ မရှိတဲ့ကြားထဲ အိမ်ပါ ပျက်စီးသွားရင် ဘယ်လိုလုပ်ကိုင်ရှင်သန်ရမလဲမသိတော့ဘူး”ဟု ပြောသည်။

ယနေ့ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ကော့ကရိတ်မြို့အနီး မောင်းမရွာသစ် ကျေးရွာနှင့်ကော့နွဲကျေးရွာတို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် နှင့်လေယာဉ်များဖြင့် တစ်နေကုန်ပစ်ခတ်မှုပြုလုပ်သည့်အတွက် ကော့နွဲ ကျေးရွာရှိနေအိမ်နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Photo: CJ