Home ဆောင်းပါး အနှစ်သာရအပြောင်းအလဲကို ဝိုင်းဝန်း ဖန်တီးကြရမယ့် ၂၀၂၃ ခုနှစ်

အနှစ်သာရအပြောင်းအလဲကို ဝိုင်းဝန်း ဖန်တီးကြရမယ့် ၂၀၂၃ ခုနှစ်

582

အနှစ်သာရအပြောင်းအလဲကို ဝိုင်းဝန်း ဖန်တီးကြရမယ့် ၂၀၂၃ ခုနှစ်

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)

၂၀၂၂ ခုနှစ် မကြာခင်မှာ ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ရောက်ပါတော့မယ်။ ကျနော်တို့ဟာ မိမိဆန္ဒရှိတဲ့ အခြားအရာတွေကို တိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာအစွမ်းနဲ့ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ဆွဲဆန့်ထားလို့ ရကောင်းရနိုင်ပါလိမ့်မယ်။ သို့သော်လည်း သူ့သဘောသူဆောင်ပြီး စဉ်ဆက်မပြတ် လှုပ်ရှားပြောင်းလဲနေမှုဆိုတဲ့ တရားကိုတော့ ဘယ်နည်းနဲ့မှ တားဆီးထားချင်လို့ ရပ်ဆိုင်းထားချင်လို့ မရနိုင်ပါဘူး။

လူတို့ရဲ့ဆန္ဒဟာ ဘယ်တော့မှ ပုံသေမရှိနိုင်ပါဘူး။ သစ်လွင်မှုကို တောင့်တကြစမြဲ မဟုတ်ပါလား။ အသစ်အဆန်းကို ဖန်တီးကြစမြဲပဲ မဟုတ်ပါလား။ မြန်မာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေဟာ အပြောင်းအလဲကို ပြင်းပြတဲ့ဆန္ဒနဲ့ လိုလားနေကြတာကို ဘယ်သူမှ သံသယရှိစရာလိုမယ် မထင်ပါဘူး။

အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေဟာ အပြောင်းအလဲကို ဆန္ဒရှိနေရုံသက်သက်မျှမကတော့ဘဲ မိမိလိုလားတဲ့ အပြောင်းအလဲအတွက် မိမိစွမ်းနိုင်ရာနေရာကနေ အတက်ကြွဆုံး ပါဝင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ အပြောင်းအလဲဆိုတာ အမျိုးမျိုးအစားစားရှိနေလေတော့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေ လိုလားတဲ့ အပြောင်း အလဲဟာ ဘယ်လိုအမျိုးအစားဖြစ်သလဲဆိုတာကို တဆင့်တက်ပြီး လေ့လာစူးစမ်းကြည့်ဖို့လိုပါတယ်။ အပြောင်းအလဲဆိုတာ အမျိုးမျိုးအစားစားရှိပေမယ့် အရင်းခံအားဖြင့် တော့ ၂မျိုး ၂စားပဲရှိမယ်လို့ ထင်မြင်ယူဆပါတယ်။ အဲဒါကတော့ အပေါ်ယံအပြောင်းအလဲနဲ့ အရင်းခံအပြောင်းအလဲ သို့တည်းမဟုတ် သဏ္ဌာန်အပြောင်းအလဲနဲ့ အနှစ်သာရ အပြောင်းအလဲ ဆိုတာပါပဲ။

ဒါဆိုရင် အဲဒီအပြောင်းအလဲ ၂မျိုး ၂စားထဲက ဘယ်လိုအမျိုးအစားကို အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေက နှစ်နှစ်ကာကာ လိုလားနေကြတာလဲ။ အဖိနှိပ်ခံလူမျိုး ပေါင်းစုံပြည်သူတွေ လိုလားနေတဲ့ အပြောင်းအလဲဆိုတာဟာ အပေါ်ယံ၊ သဏ္ဌာန်အပြောင်းအလဲမျိုးမဟုတ်ဘဲ အရင်းခံအနှစ်သာရအပြောင်းအလဲဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုတော့ လွတ်လပ်ရေးရကာစကနေ ယနေ့အထိ ကုန်လွန်ဖြတ်သန်းသွားခဲ့ရတဲ့ နှစ်ပေါင်း ၇၅နှစ်တာကြာမြင့်တဲ့ ကာလရှည်ကြီးအတွင်းမှာ အပေါ်ယံ အပြောင်းအလဲ သဏ္ဌာန်အပြောင်းအလဲကိုသာ တွေ့ခဲ့ ကြုံခဲ့ကြ၊ ခံစားနေကြရလို့ပါပဲ။

လွတ်လပ်ရေးရခဲ့ပေမယ့် လွတ်လပ်တဲ့ အရသာစစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီအရသာစစ်စစ်၊ ငြိမ်းချမ်းရေး အရသာစစ်စစ်ကို မခံစားခဲ့ကြရပါဘူး။ အပေါ်ယံမျှ၊ သဏ္ဌာန်လောက်မျှ၊ မြည်းစမ်းကြည့်လောက်မျှလောက်သာ တွေ့ခဲ့ ကြုံခဲ့ကြရလို့ပါပဲ။

၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းစစ်အုပ်စုက “တော်လှန်ကောင်စီ” ဆိုတဲ့အမည်နဲ့ (ဖဆပလ) အုပ်စိုးသူတွေထံက အာဏာကို လုယက်သိမ်းပိုက်ခဲ့တယ်။ ဒီအပြောင်းအ လဲမှာလည်း ပြည်သူတွေလိုလားတောင့်တခဲ့ကြတဲ့ အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ လွတ်လပ်တဲ့အရသာစစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီအရသာစစ်စစ်၊ ငြိမ်း ချမ်းရေးအရသာစစ်စစ်ကို မခံစားခဲ့ကြရပါဘူး။

တဖန် ၁၉၇၄မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေဝင်းကနေ (မဆလ)ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းထံ အာဏာလွှဲပြောင်းပေးပြန်ပါတယ်။ ဒီအပြောင်းအလဲမှာ လည်း ပြည်သူတွေ လိုလားတောင့်တခဲ့ကြတဲ့ အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ လွတ်လပ်တဲ့အရသာစစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီအရသာစစ်စစ်၊ ငြိမ်းချမ်း ရေးအရသာစစ်စစ်ကို မခံစားခဲ့ကြရပါဘူး။

နောက်ထပ်တစ်ခါ ၁၉၈၈ ခုနှစ်မှာ ဦးနေဝင်း(မဆလ) ဆီကအာဏာဟာ ဗိုလ်စောမောင်/ဗိုလ်ခင်ညွန့်တို့ရဲ့ (နဝတ) က သိမ်းယူတဲ့အပြောင်းအလဲ ဖြစ်ပြန်ပါတယ်။ ဒီအပြောင်းအလဲမှာလည်း ပြည်သူတွေ လိုလားတောင့်တခဲ့ကြတဲ့ အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ လွတ်လပ်တဲ့အရသာ စစ်စစ်၊တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီအရသာ စစ်စစ်၊ ငြိမ်းချမ်းရေး အရသာစစ်စစ်ကို မခံစားခဲ့ကြရပါဘူး။ ဒါ့အပြင် အာဏာဟာ ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်ရဲ့ (နဝတ)စစ်အုပ်စုကနေ ဗိုလ်သန်းရွှေ/ ဗိုလ်မောင်အေးတို့ ရဲ့ (နအဖ)စစ်အုပ်စုထံပြောင်းသွားပြီး ၂၀၀၈ အခြေခံဥပဒေနဲ့အတူ ဗိုလ်သိန်းစိန်တို့ရဲ့ကြံ့ဖွံ့အစိုးရဆိုတာ ပေါ်လာပြန်ပါတယ်။ ဒီအပြောင်းအလဲမှာလည်း ပြည်သူတွေ လိုလားတောင့်တခဲ့ကြတဲ့ အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ လွတ်လပ်တဲ့အရသာစစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီအရသာစစ်စစ်၊ ငြိမ်းချမ်းရေး အရသာစစ်စစ်ကို မခံစားခဲ့ကြရပါဘူး။

ယခုအခါ လွတ်လပ်ရေးရရှိခဲ့တာ ၇၅နှစ်ပြည့်ပါပြီ။ ဘယ်မှာလဲ၊ ဘယ်ခေတ်မှာလဲ၊ ဘယ်သူ့အုပ်စိုးမှုကာလမှာလဲ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေ နှစ်သက်လို လားတဲ့ “လွတ်လပ်တဲ့အရသာစစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီ အရသာစစ်စစ်၊ ငြိမ်းချမ်းရေးအရသာစစ်စစ်” ခံစားခဲ့ကြရဖူးသလဲ။

လက်တွေ့နှိုင်းယှဉ်ချက်အရ ပြောရမယ်ဆိုရင် (တင်းပြည့်ကျပ်ပြည့် မဟုတ်ပေမယ့်) ဒေါ်အောင်ဆန်းစုကြည် – သမ္မတ ဦးထင်ကျော် – သမ္မတဦးဝင်းမြင့်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အစိုးရလုပ်ပြီး အုပ်စိုးကြတဲ့ ၅နှစ်တာ ကာလတိုကလေးအတွင်းမှာတော့ ဒီမိုကရေစီရဲ့အသာရတချို့ကို မြည်းစမ်း ခံစားခဲ့ကြရပါ တယ်။ ဒီလို မြည်းစမ်းခံစားနိုင်ဖို့ ပြည်သူတွေဟာ သူတို့နှစ်သက်လိုလားတဲ့ “အစိုးရ”ကို သူတို့လက်ထဲက ဆန္ဒမဲနဲ့ရွေးချယ်ခဲ့ကြတာပါ။ ဒီလို လက်တွေ့ မြည်းစမ်းခံစားခဲ့ကြ လို့ပဲ နောက်ထပ် ၅နှစ်အတွက် ဆက်လက် ရရှိခံစားနိုင်စေဖို့ဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို တခဲနက် မဲပေးရွေးချယ်ခဲ့ကြပါပြန်ပါတယ်။
သို့သော်လည်း အခြေအနေတွေဟာ ပြည်သူတွေမျှော်လင့်ထားသလို ဖြစ်မလာ တော့ဘဲ ပြောင်းပြန်ဖြစ်ရပ်တွေပဲ ဆက်တိုက်ဆိုသလို ဖြစ်ပျက်လာပါတော့တယ်။

(၁-၂-၂၀၂၁)ရက်နေ့မှာ မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုက အာဏာသိမ်းပိုက်ပြီး (၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းပစ်ပြီး ဒီချုပ်ပါတီခေါင်းဆောင်တွေကို လုပ်ကြံစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့ တိုင်းပြည်နဲ့အဝန်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်အားလုံးဟာ မင်းအောင်လှိုင်ဦးစီးတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကနေ တိုက်ရိုက် ပေါ်ပေါက်လာရတဲ့ အကျိုးဆက်တွေချည်းပဲဖြစ်ပါတယ်။

ငြိမ်းချမ်းတဲ့နည်းနဲ့၊ ဆန္ဒမဲပြားနဲ့ ဖန်တီးတည်ဆောက်ယူချင်တဲ့ ပြည်သူတွေရဲ့အပြောင်းအလဲကို စစ်အုပ်စုက သေနတ်နဲ့အကြမ်းဖက် နင်းချေဖျက်ဆီးပစ်ခဲ့ပါတယ်။ အခုတော့ ပြည်သူတွေဟာသူတို့လိုလားတဲ့ အပြောင်းအလဲကို သေနတ်စွဲကိုင်ပြီး ပြောင်းလဲပစ်ရတော့မယ်ဆိုတဲ့ လမ်းကို သူတို့ အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံ တွေကနေ သင်ကြားရွေးချယ်စေခဲ့ပါပြီ။

ဒါကြောင့် ကိုယ်တိုင်လက်တွေ့ပါဝင်ပြီး ဖော်ဆောင်နေတဲ့ အပြောင်းအလဲဟာ ယခင့်ယခင်ကလို အပေါ်ယံ အပြောင်းအလဲ – သဏ္ဌာန်အပြောင်းအလဲမျိုး မဟုတ် တော့ပါဘူး။ ဗိုလ်နေဝင်းက ဦးနေဝင်း၊ ဦးနေဝင်းကနေ ဗိုလ်စောမောင်၊ ဗိုလ်စောမောင်ကနေ ဗိုလ်သန်းရွှေ၊ ဗိုလ်သန်းရွှေကနေ ဗိုလ်သိန်းစိန် ထိုမှတဆင့် လက်ရှိ ဗိုလ်မင်းအောင်လှိုင်ထိ ပြောင်းလဲသွားသလို အပြောင်းအလဲမျိုး မဟုတ်တော့ပါဘူး။ ဗိုလ်နေဝင်းကနေ ယနေ့ဗိုလ်မင်းအောင်လှိုင်အထိ အပြောင်းအလဲဆိုတာ စစ်အုပ်စုထဲက ဗိုလ်လုပ်သူပဲပြောင်းသွားတဲ့ အပေါ်ယံအပြောင်းအလဲသာ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲမျိုးကို ပြည်သူတွေက လုံးဝမလိုလားပါဘူး။ ပြည်သူတွေလိုလားနေတဲ့ အပြောင်း အလဲကတော့ စစ်အုပ်စုတစ်စုက တပ်မတော်ကို ကုပ်ခွစီးထားပြီး တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဘက်စုံကို ဗိုလ်ကျ လွှမ်းမိုး ချုပ် ကိုင်ထားတဲ့ စစ်ဗြူရိုကရေစီယန္တရားနဲ့ စစ်အစိုးရကို အကုန်အစင်ဖျက်သိမ်းပစ်မယ့် အပြောင်းအလဲဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်ကို လုံးဝနိဂုံးချုပ်ပစ် မယ့် အပြောင်းအလဲဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲမျိုးကသာလျှင် အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ အနှစ်နှစ်အလလ မျှော်လင့်တောင့်တနေကြတဲ့ “လွတ်လပ်တဲ့ အရသာ စစ်စစ်၊ တန်းတူတဲ့အရသာစစ်၊ ဒီမိုကရေစီ အရသာစစ်စစ်၊ ငြိမ်းချမ်းရေးအရသာစစ်စစ်”ကို တကယ်တမ်း အကောင်အထည် ဖော်ဆောင်နိုင်မှာ မဟုတ်ပါလား။

ပိုထူးခြားပြီး အရေးကြီးတဲ့အချက်က ဒီအပြောင်းအလဲအတွက် ဘယ်သူ့ကိုမှ ပုံအပ်အားကိုးမနေဘဲ မိမိကိုယ်ကိုယ် အားကိုးပြီး မိမိကိုယ်တိုင် ပြောင်းလဲထူထောင် ကြရမယ့်အချက် ဖြစ်ပါတယ်။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်တဲ့ ကိုယ်တိုင်ပါဝင် တည်ဆောက်ယူမယ့် အပြောင်းအလဲဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်မှသာ စစ်မှန်ပြီး ခိုင်မာ တည်တံ့တဲ့ တကယ့်အပြောင်းအလဲကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါလိမ့်မယ်။

ဒီလိုပြောင်းလဲနိုင်ဖို့အတွက် ဆန်းသစ်လာတော့မယ့် ၂၀၂၃ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုရင်း သန္နိဋ္ဌာန်ချမှတ်ကြပါစို့။ အဖိနှိပ်ခံပြည်သူများရဲ့ အကျိုးစီးပွားကို တည့် မတ်တည်ကြည်စွာ ဦးထိပ်ထားကြတဲ့ ပါတီအဖွဲ့အစည်းတွေအကြားက နားလည်မှု၊ သွေးစည်းညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အပြောင်းအလဲရဲ့အရှိန်အဟုန်၊ အပြောင်းအလဲရဲ့ကာလ အတို/အရှည် အတိုင်းအတာကို မလွဲမသွေ အဆုံးအဖြတ်ပေးပါလိမ့်မယ်။