Home သတင်း ပုသိမ်မြို့၊ အစိုးရပိုင်မြေပေါ်ရှိ ဆိုင်ခန်းများမဖျက်ရရေး အသနားခံစာတင်၍ စောင့်ဆိုင်းနေ

ပုသိမ်မြို့၊ အစိုးရပိုင်မြေပေါ်ရှိ ဆိုင်ခန်းများမဖျက်ရရေး အသနားခံစာတင်၍ စောင့်ဆိုင်းနေ

714

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အစိုးရအခြေခံပညာကျောင်းများ၊ ရုံးများပိုင်ဆိုင်သော မြေပေါ်ရှိ ဆိုင်ခန်းများအား မဖျက်သိမ်းရရေး ဆိုင်ခန်းပိုင်ရှင်များက အသနားခံ စာတင်ကာ စောင့်ဆိုင်း နေကြကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းမှု မတိုင်ခင်က ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောက်လုပ်ခွင့် ပေးထားသော ထိုမြေပေါ်ရှိ ဆိုင်ခန်းများအား ဖျက်သိမ်းရမည့် အကြောင်းကြားစာကို ဧရာဝတီတိုင်းဒေသကြီး စစ်ကောင်စီက သက်ဆိုင်ရာပညာရေးမှူးများထံ အောက်တိုဘာလ ၄ ရက်နေ့တွင် ပေးပို့ လာခြင်းဖြစ်သည်။

ပုသိမ်တစ်မြို့လုံးအတိုင်းအတာအနေဖြင့် ဖျက်သိမ်းရမည့်ဆိုင်ခန်းများမှာ စုစုပေါင်းဆိုင်ခန်းသုံးရာ ကျော်ရှိနေပြီး အကြောင်းကြားစာအရ သာသနာပိုင်နယ်မြေထဲတွင် ဆောက်လုပ်ထားသော ဆိုင်ခန်းများ မပါရှိသေးသော်လည်း ယုံကြည်ရသည့်အနေအထားမဟုတ်သဖြင့် ၎င်းအတွက်ပါ စိုးရိမ်ပူ ပန်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “တရားဝင်စာကပို့ထားပြီးပြီ အဲဒီကျောင်းမြေပေါ်က ဆိုင်ခန်းတွေက တစ်ခန်းကို သိန်း တစ်ရာကျော်၊ နှစ်ရာကျော် ပေးဝယ်ထားရတော့ တစ်ခန်းကိုပိုက်ဆံသုံးသောင်းစီစုပြီး သက်ဆိုင်ရာကို လာဘ်သွားထိုးကြတယ်။ နေပြည်တော်ကိုအသနားခံစာတင်ကြတယ်။ ဆိုင်တွေဖျက်သိမ်းပြီးရင် လျော်ကြေးလည်းပြန်မပေးဘူးပြောတော့လေ။ လက်ရှိမှာတော့ စောင့်နေကြတဲ့အနေအထားပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဆိုင်ခန်းများ ဖျက်သိမ်းရမည့်ကိစ္စမှာ တိုင်းဒေသကြီးက ဆုံးဖြတ်ခြင်းမဟုတ်ဘဲ နေပြည်တော်မှ အစည်းဝေးသဘောတူညီချက်ဖြင့် အမိန့်ကျလာခြင်းဖြစ်သည့်အတွက် ဒေသခံများ အသနားခံစာမည်မျှတင်တင် အဆင်မပြေနိုင်ကြောင်း၊ လက်ရှိတွင် အခြေခံပညာကျောင်းများ ဖွင့်ရက်ဖြစ်သည့်အတွက် ၂၀၂၃ခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလလောက်တွင် အပြီးဖျက်ပေးရနိုင်ကြောင်း အစိုးရရုံးပိုင်းဆိုင်ရာနှင့် နီးစပ်သူတစ်ချို့ကပြောသည်။

ဒေသခံ ဆိုင်ခန်းငှားရမ်းသူတစ်ဦးကလည်း “ဖျက်ပြီးရင် အဲ့ဒီမြေတွေကို ခြံစည်းရိုးပြန်ခတ်မယ် ပြောတယ်။ အရင်က လက်ရှိမြေကို ထပ်ချဲ့ချင်ရင် ဘယ်လောက်ပေးရမယ်ဆိုပြီး ဆိုင်ရာကျောင်း အုပ်တွေက လာဘ်ယူတယ်။ ပြီးရင် အိမ်တစ်ဆောင်စာအထိ ချဲ့ကြတာတွေရှိတော့ အခုလိုကိစ္စ တွေဖြစ်လာတာ၊ သူတို့ဖျက်ရင် ဆိုင်ခန်းတွေအကုန်တစ်ခါတည်း ဖျက်မှာပါ။ လောလောဆယ် ပုသိမ်ဆေးရုံနားကဆိုင်ခန်းတွေကိုမီးဖြတ်ထားတယ်။ ဘယ်နေ့နောက်ဆုံးဖျက်ခိုင်းမလဲတော့ စာမပို့သေးဘူး။”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆိုင်ခန်းတွင် ဖွင့်လှစ်ရောင်းချသည့် ကရင်ရိုးရာအဝတ်အထည်ဆိုင်လေးများ၏ ရောင်းအားမှာ ကျဆင်းနေပြီး ကရင်နှစ်သစ်ကူးရက်မှလွဲ၍ ကျန်သည့်ရက်များတွင် ဝယ်သူနည်းပါးလာ၍ ဆိုင်ခန်းငှား ရမ်းခများ မပေးနိုင်ဘဲ စီးပွားရေးကြပ်တည်းလာကြကြောင်း ဆိုင်ခန်းငှားရမ်းသူများက ပြောသည်။