Home သတင်း လက်နက်အင်အားဖြည့်ဆည်းပေးနိုင်မှု ယခင်ကထက် ပိုလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း NUG ပြော

လက်နက်အင်အားဖြည့်ဆည်းပေးနိုင်မှု ယခင်ကထက် ပိုလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း NUG ပြော

438
Photo-Public Voice Television

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများအား ယခင်ကထက်စာလျှင် အတိုင်း အတာတစ်ခုအထိ ဖြည့်ဆည်းပေးထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်း၏ ဒီဇင်ဘာ ၂၅ရက်နေ့၌ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲတစ်ခုတွင် လက်နက်အလက် ၅၀ ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကေအိုင်စီက မေးမြန်းရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးနေဘုန်းလတ်က “လက်နက်ဖြည့်ဆည်းတဲ့နေရာမှာ ဝယ်ယူဖြည့်ဆည်းပေးတာရှိသလို၊ ကိုယ်တိုင်တီထွင်ဖြည့်ဆည်းပေးနေတာလည်းရှိပြီး အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ပေးနိုင်နေပါပြီ။ ဒါ့အပြင် PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် MOD အောက်ကသွားတဲ့ တပ်ဖွဲ့တွေကိုဆိုရင် စားနပ်ရိက္ခာပုံမှန်ထောက်ပံ့နေတာမျိုးလည်း ရှိပါတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်နက်ကိုင် တော်လှန်ရေးလုပ်ဆောင်ရခြင်းသည် မလွဲသာမရှောင်သာ၍ဖြစ်ပြီး လူအင်အား ပြည့်စုံရန်သာမက လေ့ကျင့်ပေးနိုင်မှု အပြည့်အဝလိုအပ်သလို လက်နက်ခဲယမ်း တပ်ဆင်ပေး နိုင်ရန်ကလည်း အရေးကြီးသည့်အပေါ် ယခုလို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

ထို့အပြင် NUG မှ ပြည်သူ့ကာကွယ်ရေးတပ်သားဦးရေ အပြည့်အစုံအထိ လက်နက်တပ်ဆင်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေကာ ဒရုန်းတပ်ဖွဲ့များအား နည်းပညာအသစ် များဖြင့် ဖွဲ့စည်းထားရှိ၍ လက်ရှိတွင်လည်း တိုက်ပွဲဝင်နေကြပြီဖြစ်ကြောင်း၊ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ တိုက်ပွဲဝင်နိုင်သည့် လူအင်အား၊ လေ့ကျင့်ပြင်ဆင်မှုအခြေအနေနှင့် လက်နက်ခဲယမ်းတပ်ဆင်ပေးနိုင်မှုမှာ ၂၀၂၃ခုနှစ်ဆန်းပိုင်းတွင် ခရီးရောက်မည်ဖြစ်ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Photo-Public Voice Television

NUG အနေဖြင့် ယခင်ကလက်နက်ထောက်ပံ့ပေးမှုများရှိသော်လည်း အခမ်းအနားနှင့် လက်နက်ပေး အပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်ကလည်း တိုက်ပွဲဖြစ်သည့် နေရာများတွင် လက်နက် ၁ လက်၊ ၂လက်မှ ၁၀လက်အထိ ပေးအပ်ခြင်းမျိုးရှိကြောင်း လက်ရှိ KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲဝင်နေသည့် ကော်ဘရာစစ်ကြောင်း၏ ဒု-စစ်ကြောင်းမှူး စောကော်က ယခုလို ပြောပြသည်။

“ကျနော်တို့ လေးကေ့ကော်မှာတိုက်ပွဲဖြစ်တုန်းကလည်း သူတို့အဲ့လိုလက်နက်လာပေးတာရှိတယ်။ NUG ရုံးတွေကနေ သူတို့လက်လှမ်းမီသလောက်ပေးတာပါ။ လက်နက်အပြင် ကျနော်တို့အတွက် အရင်က စားနပ်ရိက္ခာတွေပါ ထောက်ပံ့တာရှိပါတယ်။ PDF လေးတွေကများတယ်လေ။ ကျနော်တို့ KNU ကတော့ ကိုယ့်တပ်ရင်း၊ တပ်မဟာ၊ တပ်ခွဲကနေ ပြန်ထောက်ပံ့ပေးတာမျိုးပါ။ ကျနော်တို့က သူတို့နဲ့ပူးပေါင်း လုပ်ဆောင်ပြီး သူတို့လူတွေကိုထောက်ပံ့တဲ့နေရာမှာ ဦးစီးပေးတာပါ။”ဟု ၎င်းက ပြောသည်။

NUG အစိုးရက ရေးဆွဲအကောင်အထည်ဖော်ဆောင်သည့် တစ်နှစ်စီမံကိန်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ တော်လှန်ရေးကို ဒုတိယအဆင့် အရှိန်မြှင့်မည့်နှစ်အဖြစ် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး နှစ်သစ်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ဦးနေဘုန်းလတ်က ပြောသည်။