နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားကုန်တင်ကားများကိုတားပြီး လမ်းကြုံလိုက်ပါစီးနင်းခြင်းများပြုလုပ် သောကြောင့် ကုန်တင်ယာဉ်မောင်းသူများအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ကြောက်လန့်နေကြကြောင်း ယာဉ်မောင်းသမားများက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်ချပြီး ပြန်လာသော ကုန်တင်ကားများကို လမ်းတွင်တားကာ လမ်းကြုံလိုက်ပါစီးနင်းခြင်းများကို ပြုလုပ်လာသောကြောင့် ကုန်တင်ကားမောင်းသမားများအနေဖြင့် ၎င်းတို့ကို အသက်အန္တရာယ်ပြုခြင်းအပြင် မှားယွင်းပစ်ခတ်ခံရမည်ကိုလည်း စိုးရိမ်ကြောင်း ကုန်တင်ယာဉ်မောင်း တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ကျနော်တို့က ကားမောင်းတာက တစ်ယောက်ဘေးမှာ လိုက်တဲ့သူက တစ်ယောက် အဲ့လိုကျတော့ သူတို့က သတ်ရင်လည်းခံရမှာလေ ဟုတ်တယ်မလား။ သူတို့က တစ်ခါတစ်ခါ ကားတားစီးရင် ဆယ်ယောက်နီးပါးရှိတယ်။ ပြီးတော့ သေနတ်တွေနဲ့လေ။ လမ်းမှာ မှားပြီး ပစ်ခံထိမှာတို့ PDFက မှားပြီး ဝင်ပစ်သွားမှာ၊ တို့တော့ ကြောက်တာပေါ့။ ဘာလို့ဆိုနေ့ခင်း ဘက်ကြီးလေ” ဟု ကေအိုင်စီ သို့ ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းကြုံ ကားတားစီးမှုများ ပြုလုပ်လာသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ကုန်တင်ကားမောင်းခြင်း အသက်မွေး ဝမ်းကျောင်းကို ရပ်နားရသည့်အထိကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက် ယခင် ရရှိ ထားသည့် ခေါက်ကြေးများဖြင့်သာ ခြွေတာစားသောက်နေရကြောင်း အဆိုပါ ယာဉ် မောင်းက ဆက်ပြောသည်။
၎င်းစစ်ကောင်စီက ကားများကိုနေ့ဘက်အချိန်များတွင် လိုက်ပါစီးနင်းခြင်းများပြု လုပ်သည့်အပြင် ကားခပါ မပေးဘဲ ၎င်းတို့ယူဆောင်လာသော လက်နက်ခဲယမ်းများ ကိုလည်း တင်ဆောင်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ နောက်ထပ် ကုန်တင်ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပုံသေတော့ မရှိသေးဘူး။ ကျနော်ဆိုနှစ်ခါတင်ဖူးတယ်။ ပထမတစ်ခေါက် ကဆယ်ယောက်။ နောက်နည်းနည်းကြာတော့ ဒုတိယတစ်ခေါက်ထပ်တင်ရတယ်။ အဲ့ခါကျတော့ ငါးယောက်ပဲ။ ဒါပေမဲ့ လက်နက်ခဲယမ်းတွေပါတင်ရတာ ပိုက်ဆံက မပေးဘူး။ သူတို့တောင်းလိုက်လို့ကားမနားပေးရင် အပြစ်ပေးခံရမလား မသိဘူး။ ကြောက်တယ်။ ဝိတ်နဲ့ဆိုသူတို့မလိုက်ဘူး”ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင်၊ တပ်ရင်း(၁) မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေ သောကြောင့် သွားလာခြင်းမပြုကြရန် ပုလော (PDF)မှ ယခုလ အစောပိုင်းကာလက သတိပေး ထုတ်ပြန်ထားသေးသည်။
ထို့အပြင် အဆိုပါ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုနေကြသော ခရီးသွားပြည်သူများ အနေဖြင့်လည်း မြိတ်ခရိုင်တပ်ရင်း(၁)မှ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီ ကာလ အထိ အချိန်အကန့်အသတ်မရှိ လုံးဝသွားလာခြင်း မပြုလုပ်ကြရန်လည်း ဆက် လက်သတိပေးထားသည်။



















