Home သတင်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ

1713
Photo: CJ

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီတပ်များက အီတလီနိုင်ငံထုတ် (X-Ray) စကဲန်ဖတ်စက်များဖြင့် လုံခြုံရေးပိုမိုတင်းကြပ်စွာစစ်ဆေးလာမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်−မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်ဂိတ်တွင် စစ်ကောင်စီတပ်များက လူနာတင် ယာဉ်များကိုပါ စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး သက်ကြီးရွယ်အိုများနှင့် အရေးပေါ် လူနာများအတွက် ခရီးနှောင့်နှေးကြန့်ကြ မှုများအပြင် ခရီးပင်ပန်းမှုများနှင့် အသက်အန္တရာယ် စိုးရိမ်ရမှု အခြေအနေများရှိနေကြောင်း ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။

“လူနာတင်ယာဉ်ပါစစ်တော့ အရေးပေါ်လူနာတွေအတွက် အသက်အန္တရယ်ရှိတာပေါ့။ ကားလမ်း က ထောင်ချီ ပိတ်နေတာ။ အမြန်ရောက်ရမယ့်ခရီးကိုမရောက်တော့ဘူးလေ။ အသက်ကြီးတဲ့ သူတွေက ပိုပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ နေပူကြီးထဲ တစ်နေကုန် ထိုင်နေရတာ။ ညအိပ်ရ တဲ့သူတွေလည်းရှိတယ်။ ကားတိုင်းက အိမ်စီးကား အလုံတွေမှမဟုတ်ဘဲ ။ အခုလိုမျိုးစစ်တော့ တစ်ရက်ခရီးကို နှစ်ရက်လောက်ဖြစ်သွားတယ်”ဟု ကေအိုင်စီ သို့ပြော သည်။

အလားတူ စစ်ကောင်စီတပ်များက ခရီးသွားပြည်သူများ၏ ကားများကျော်တက်မှုများ ပြုလုပ် ပါက ဖမ်းဆီးမှုများပြုလုပ်ပြီး စစ်ကောင်စီတပ်၏နှင့် နီးစပ်သူများ၊ အရာရှိအကြီးအကဲ ကားများကိုမူ ယာဉ်ကြောစောင့်ဆိုင်းရန်မလိုဘဲ ကျော်တက်ခွင့်ပေးသည်ဟု ၎င်းယာဉ်မောင်းက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များက အီတလီနိုင်ငံထုတ် (X-Ray)စကဲန်ဖတ်စက်များဖြင့် စစ်ဆေးမှု ပြုလုပ်ခြင်းသည် လက်နက်များ၊ မူးယစ်ဆေးဝါးများ၊ ၎င်းတို့ကို ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများကို အသေးစိတ် ရှာဖွေစစ်ဆေးခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများက ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် သံလွင်တံတားဂိတ်တွင်လည်း နည်းပညာအသစ်ဖြင့် စကဲန်ဖတ်၍ရသည့် စက်များကို အသုံးပြုလျက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ဖာပွန်−ကမမောင်းလမ်းဆုံ ဝါးဘိုးတောဂိတ်တွင်လည်း (X-Ray) စကဲန်ဖတ်သည့် စက်ကို အသုံးပြုရန်အတွက် ဂိတ်အသစ်ထပ်မံ ပြုပြင်လျက်ရှိနေသည်ဟု ယာဉ်မောင်းများထံမှ သိရ သည်။

စစ်အာဏာသိမ်းမှု (၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့ အနယ်နယ်တွင် လူသွားလူလာများသည့်နေရာ၊ မီးပွိုင့်လမ်းဆုံ လမ်းဂွနေရာများတွင် စစ်ကောင်စီတပ်များသည် ကား၊ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးသည့်အပြင် ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် ပို့စ်များ ရှိမရှိကို အချက်အလက်ရှာဖွေရေး ဖုန်းဆော့ဖ်ဝဲလ်များ အသုံးပြုစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။