Home သတင်း စစ်ကောင်စီတပ်သား ၁ ဦး လက်နက် နှစ်လက်နှင့်ကျည်များယူဆောင်လာပြီး KNU ထံ လာရောက်ပူးပေါင်း

စစ်ကောင်စီတပ်သား ၁ ဦး လက်နက် နှစ်လက်နှင့်ကျည်များယူဆောင်လာပြီး KNU ထံ လာရောက်ပူးပေါင်း

1487
Photo: နဂါးနီစစ်ကြောင်း

နိုဝင်ဘာ ၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်မဟာ ၆ – တပ်ရင်း ၁၇ ထံတွင် ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက် ၂ လက်နှင့် ကျည်ဆံများယူဆောင်လာပြီး လာရောက်ပူးပေါင်းခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တပ်နယ်စစ်ဗျူဟာ လက်အောက်ခံခြေလျင်တပ်ရင်း-ခလရ ၂၈၄မှ တပ်သားရဲနိုင် သွေးသည် ၎င်းတာဝန်ကျရာ နဂါးတောင်ပေါ်စခန်းမှတဆင့် MA1 တစ်လက်၊ MA2 တစ်လက်၊ ကျည် ဘောက် ၄ ခု၊ ကျည် ၂၄ဝ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ အီနာဂါ ၄ လုံး၊ ၄ဝ မမ ကျည်သီး ၁ လုံး၊ အီကွေ့ မန့်နှင့် ကျည်ကာအင်္ကျီတစ်စုံတို့ကို ယူဆောင်လာပြီး KNLA တပ်ရင်း ၁၇ ထံတွင် CDM (အာဏာဖီဆန် ရေးလှုပ်ရှားမှု)ပြုလုပ်၍ လာရောက်ပူးပေါင်းခဲ့သည်ဟု KNLA နဂါးနီစစ်ကြောင်းက ပြောသည်။

“ ထွက်လာတာက ၃ ဦးပေါ့နော်။ တစ်ဦးက ခြေကျင်းဝတ်ခေါက်သွားတယ်။ သူ့လူတွေထံ သေနတ် လှမ်းပေးခဲ့လိုက်တယ်။ ပြေးလို့လွတ်အောင်ပေါ့လေ။ တစ်ယောက်ပဲ လွတ်မြောက်လာတယ်။ နောက် ၂ ဦးက ပြန်မိသွားတယ်။ လွတ်လာသူတစ်ဦးကပဲ လက်နက် ၂ လက်နက်ကျည်ဘောက်တွေ အကုန်ပါ တယ်”ဟု KNLA တပ်ရင်း ၁၇ နဂါးနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်း ခြေမြန်တပ်ရင်း -ခမရ ၃၅၈၊ ခလရ ၂၈၄၊ ခလရ ၄၃၂ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၅ ဦးသည် KNLA တပ်ရင်း ၁၇ အဖွဲ့ထံတွင် လာရောက်ပူးပေါင်းခဲ့ သေး သည်။ KNLA တပ်မဟာ ၆ ၏ ပြုစုထားသည့် စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏ တပ်ရင်းအသီးသီးထံတွင် စစ်သားနှင့် ရဲအရာရှိ စုစုပေါင်း ၁ဝဝ ကျော် CDM ပြုလုပ်လာခဲ့သည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်း ၉၀ ကျော်ကိုလည်း ထိန်းသိမ်းထားလျက်ရှိသည်ဟု KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများထံမှ သိရသည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် တပ်မ (၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်ဖွဲ့ဝင်တစ်ဦးသည် MA (3) သေနတ် တစ်လက်၊ ၎င်းကျည်ဘောက် (၄)ခု၊ ၅.၅၆ ကပစ ကျည် (၁၀၀)တောင့် နှင့်အတူ KNLA တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်းထံသို့ CDM ပြုလုပ်လာခဲ့သလို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ရက်နေ့တွင်လည်း ဖာပွန်စခန်းအခြေစိုက် ခမရ ၃၄၀ တပ်ရင်းမှ စနိုက်ပါတပ်သား တစ်ဦးသည် လက်နက် ၂ လက်နှင့်ကျည်များ ယူဆောင်လာပြီး KNU တပ်မဟာ ၅ ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။