နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်အချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ ဖာပွန်−ကမမောင်းလမ်းပိုင်း တလျှောက်မှတစ်ဆင့် ကတိုင်တိကျေးရွာထဲသို့ ယမန့်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်အင်အား (၄၀) ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “စစ်တပ်လေကြောင်းကနေလည်း ပုဇင်း ၂ စီး၊ တိုက်လေယာဉ်တစ်စီးလာပြီး ညနေ (၄)နာရီလောက်မှာ လာပစ်တာ။ စစ်တပ်တွေလည်း အခုကတိုင်တိရွာထဲကို စစ်ကြောင်းထိုးလာပြီး။ ရွာသားတွေက ဖာပွန်− ကမ မောင်း ကားလမ်းဘေးက ကြူတော တွေမှာနေနေရတယ်။ စစ်သားတွေ (၄၀)လောက်ရှိတယ်။ အခုရွာထဲမှာ ကျန်တဲ့သူက ကျန်တယ်။ ရွာထဲမှာတော့ ဗုံးခိုကျင်းတွေ ပြန်ပြုပြင်နေကြတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်ရှိ ဆင်စွယ်ရွာနှင့် တောင်သူရွာအကြားတွင် စစ်ကြောင်း ဆင်းလာသည့် စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက် ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကတိုင်တိအခြေစိုက်နယ်ခြားစောင့်(BGF)တပ်ကလည်း လက်နက်ကြီးကုန်းမှတဆင့် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ လက်နက်ကြီးများဖြင့် အကြိမ်(၂၀)ခန့် ပစ်ကူပေး ခဲ့သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ ဖာပွန်− ကမမောင်းကျေးရွာများတွင် စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း စစ်အင်အားတိုး ချဲ့မှုများ ပိုမိုလုပ်ဆောင်လာပြီး ၎င်းလမ်းပိုင်းတစ်လျှောက်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံ များက ဆိုသည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၂)ဦးသေဆုံးခဲ့ပြီး (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ(၂၁)ရက်နေ့တွင်လည်း ကတိုင်တိကျေးရွာအုပ်စုရှိ (BGF)ဂိတ်စခန်းငယ်တစ်ခုကို (KNLA) တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ (၅)ဘက်က သတင်းထုတ်ပြန်ခဲ့သေးသည်။



















