Home သတင်း ကြာအင်းဆိပ်ကြီးမြို့တွင် လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေ

ကြာအင်းဆိပ်ကြီးမြို့တွင် လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေ

1449

နိုဝင်ဘာ ၁၀ရက်၊ ၂၀၂၂ခုနှစ်၊၊ကေအိုင်စီ၊၊

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယခုတလော လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေသည့်အတွက် မြို့ပေါ်သွားလာသူ နည်းပါးလာသည်ဟု မြို့ခံများက ပြောဆိုကြ သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုတို့သည် မြို့လယ်၊ ရပ်ကွက် လမ်းကြားများတွင် ပိုမိုအဖြစ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အပြင်မ ထွက်ရဲကြတော့သည့်အနေအထားဖြစ်နေသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အရင်တုန်းကဆိုရင် ခိုးမှုပဲကြားဖူးတယ်။ ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်လုပြီးမောင်းပြေးတာ ဒီနှစ်ထဲမှာပဲ ကြားနေရတယ်။ ဈေးထဲမှာတော့ မြို့ပေါ်ကလူတွေ အသွားအလာ တော်တော် နည်းလာကြတယ်။ မနေ့ကဆို လေးသိန်းလောက်ပါသွားတယ် လုခံထိတာ၊ ဖြစ်လိုက်ရင်လည်းနေ့လည်နေ့ခင်းဘက်တွေလေ။ လူများတဲ့အချိန်တောင် ပိုက်ဆံအိတ် ကိုလုနေပါတယ်ဆို ညဘက်တွေဆို ဘယ်သူကထွက်ရဲတော့မလဲ”ဟု ကေအိုင်စီသို့ ပြောသည်၊၊

မြို့တွင်းဖြစ်ပွားသည့်လုယက်မှုများနှင့်ပတ်သက်၍ ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရပ်မိရပ်ဖိတစ်ဦးက ယခုလို ပြောသည်။

“တချို့ကတော့ရဲတိုင်ကြတယ်၊ တချို့ကတော့ရဲမတိုင်ကြတော့ဘူး တိုင်လည်းဘာမှမထူး ဘူးလေ။ အလုပ်ရှုပ်မခံကြတော့ဘူး။ ရဲတွေကတော့ပြောတာပေါ့၊ ဆောင်ရွက်ပေး မယ်ပြီးတော့ ဒီတိုင်းပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်၊၊

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများပြားလာရသည်မှာ ဒေသတွင်း ကုန်စျေးနှုန်းများ အဆမတန်တက်လာခြင်းနှင့် တစ်ရက်ထက်တစ်ရက် စားဝတ်နေရေး ပိုမိုကြပ်တည်းလာ ခြင်းတို့ဖြစ်နိုင်သည်ဟု မြို့ခံများက ပြောဆိုကြသည်။

ကြာအင်းဆိပ်ကြီးမြို့နှင့် အလားတူ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ် စွာချမှတ်ထား သည့် ဖားအံ၊ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တွင်းသာမက ကျေးလက်ဒေသ ကျေးရွာများတွင်လည်း လုယက်မှု၊ ခိုးမှုများပိုမိုများပြားလာသည်ဟု သိရှိရသည်။