Home သတင်း လေးကေကော်ဒေသ စစ်ဘေးရှောင်များ အနွေးထည်နှင့်စောင်များ လိုအပ်နေ

လေးကေကော်ဒေသ စစ်ဘေးရှောင်များ အနွေးထည်နှင့်စောင်များ လိုအပ်နေ

1057

နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တစ်လျှောက် နေထိုင်စစ်ရှောင်နေကြရသည့် လေးကကော်အပါအဝင် ဒေသတွင်း ကျေးရွာများမှ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ထောင်ကျော်မှာ ယခုနှစ် ဆောင်းရာသီ အအေးဓာတ်ကြောင့် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

“ကလေးတွေကများတော့ အနွေးထည်တွေစောင်တွေလိုပါတယ်။ လူကြီးတွေ လည်းသက်ကြီးဘိုးဘွားတွေလည်း လိုတယ်။ မပြည့်စုံတော့ ရှိတဲ့ အင်္ကျီ နှစ်ထပ်သုံးထပ်ဝတ်အိပ်နေကြရတယ်။ နေ့ဆိုနေပူ၊ ညဆို အအေးက ပိုလာပြီ၊ မီးဖိုလည်း မဖိုရဲဘူး။ တိုက်ပွဲကဖြစ် လက်နက်ကြီးက ပစ်နေတာ၊ စစ်ရှောင်နေရတာ ရှေ့လဆို တစ်နှစ်ပြည့်တော့မယ်။ ”ဟု လေးကေကော် ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မြ၀တီမြို့တောင်ဘက် လေးကေကော်-ဖလူး-ဝေါလေ လမ်းပိုင်းတွင် ယမန်နေ့ နို၀င်ဘာလ ၉ ရက်နေ့ကစတင်ကာ ဆုံဆည်းမြိုင်ကျေးရွာနှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များနှင့် စစ်ကောင်စီစစ်ကြောင်းများ ယနေ့ နို၀င်ဘာ ၁၀ရက် နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု၊ အတွဲလိုက် ရော့ကက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာ ဒေသခံနေအိမ်များထိမှန်ပျက်စီးမှုများရှိနေပြီး ဒေသခံ ကျေးရွာသားများအနေဖြင့် ယာယီ စစ်ဘေးရှောင် တဲစခန်းများတွင် မနေရဲကြတော့ဘဲ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။

လေးကေကော် ရပ်ကွက် ၃ မှ သေ့ဘောဘိုး ကျေးရွာ ယာယီစစ်ဘေးရှောင်နေရသူက “အခုရက်က အအေးပိုလာပြီ၊ စောင်မရှိ အနွေးထည်မရှိတွေ ဖြစ်နေကြတယ်၊ ရာသီဖျားတို့၊ ကလေးချောင်းဆိုး အဆုတ်အအေး ပတ်တို့အတွက် ဆေးမရှိဘူး၊ ထိုင်းဘက်ကမ်းကူးပြီး ၀ယ်ရတယ်။ ပိုက်ဆံက မရှိ ၊ အလုပ်မရှိ ဖြစ်နေကြရတာ၊ လာပြီးပေးဝေတဲ့ သူတွေလည်းအရင်ကလို မလာရကြတော့ စစ်ဘေးရှောင်တွေ နေရေးစားရေး ပိုပိုခက်လာပြီ ”ဟု ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်းများ နယ်မြေရှင်းလင်းထိုးစစ်ဆင်တိုက်ခိုက် နေမှုကြောင့် ဒေသကျေးရွာ ၂၀ ကျော်မှ ဒေသခံ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး နေရာများတွင် အစုအဖွဲ့အလိုက် ယာယီစစ်ဘေးရှောင်နေထိုင်နေကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထီးမယ်ဝါးခီး၊ ဘဟိကလော်၊ ဖလူးကြီး၊ ဖလူးလေးကျေးရွာ ဒေသခံ အချို့အား ဒေသကရင်အုပ်ချုပ်ရေးပိုင်း လူကြီးများစီစဉ်မှုအရ နေရပ်ပြန်လည် နေထိုင်နေသူအချို့ ပြန်လည် နေထိုင်စ ပြုနေကြပြီ ဖြစ်သော်လည်း တောင်ယာများ၊ နေအိမ်များ ပျက်စီးနေသည့် အခြေအနေကြောင့် စားသောက် နေထိုင်ရေးနှင့် အလုပ်အကိုင်ခက်ခဲများရှိနေကြောင်း သိရသည်။