Home သတင်း ကရင်ပြည်နယ်ပွဲ လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထား

ကရင်ပြည်နယ်ပွဲ လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထား

1651
Photo: CJ

နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီ ကျင်းပပြုလုပ်မည့် (၆၇)နှစ်မြောက် ပြည်နယ်နေ့ပွဲတော်အတွက် လုံခြုံရေးကို ယခင်နှစ်ကထက် ပိုမိုတင်းကြပ်စွာချထားလျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ဖားအံမြို့တွင်း နေရာအနှံ့တွင် လုံခြုံရေးတပ်ဖွဲ့များ တင်းကြပ်စွာချထားကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“အရင်နှစ်ကတော့ လုံခြုံရေးရှိတယ် လုံခြုံရေးဆိုတာ ရဲနဲ့ စစ်သားပေါ့၊ အဝင်ပေါက်တို့ အိမ်သာနားတို့မှာရှိတယ် နည်းနည်းချင်းစီရှိတာ။ ဒါပေမဲ့ အခုနှစ်ကျတော့ အဲ့ဒီပြည်နယ်ကွင်းလမ်းတစ်လျှောက် အတား အဆီးတွေချပြီးပိတ်ထားတယ်။ ပိတ်ထားတာကတော့ မနှစ်က အာဏာစသိမ်းကတည်းက၊ အဲ့နားမှာက စခနဲ့ပတ်သက်တဲ့ လူကြီးအိမ်ရာလည်းရှိတော့ပိုဆိုးတာပေါ့။ မနက်ခင်းပိုင်းလောက်ဆို အဲ့ပြည်နယ်ကွင်းနားတစ်ဝိုက်က ရဲနဲ့စစ်သားအပြည့်ပဲ”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့်နှစ် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် ၆၆ နှစ်မြောက် ကရင်ပြည်နယ်ပွဲတော်တုန်းကလည်း ပွဲတော်အတွင်း လာရောက်သူများရှိခဲ့သော်လည်း အာဏာသိမ်းကာလလုံခြုံရေးများချမှတ်ထားခြင်းကြောင့် လာရောက်လည်ပတ်သူနည်းပါးခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့ကလည်း (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖားအံမြို့နယ်ရှိ လှာကမြင်ပန်းခြံဖွင့်ပွဲကို ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲသို့ စစ်ကောင်စီမှ ဗိုလ်ချုပ်အဆင့်ရှိသူ များနှင့်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ သက်ဆိုင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခြားဖားအံမြို့ခံတစ်ဦးကလည်း “ဟို့အရင်ပွဲတွေကလောက် ပျော်ဖို့ကောင်းမယ်မထင်ဘူး။ မြို့ထဲမှာကလည်း အစစ်အဆေးတွေ နေရာတိုင်းလိုလိုများလာတယ်။ ဒီတက္ကသိုလ်လမ်းကနေ ပြည်နယ်ကွင်းသွား တဲ့ဘက်အဲ့လမ်းက ပြည်နယ်ကွင်းဘက် တိုက်ရိုက်ပေါက်တာကို ဂိတ်တွေချပြီး စစ်တာရဲနဲ့စစ်သားပေါင်းပြီးတော့ စစ်ဆေးတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်နေ့ပွဲတော်ကို ယခင်နှစ်က ရိုးရာဒုံးအပါအဝင် လက်ဝှေ့ပွဲနှင့် တိုင်းရင်းသားဓလေ့ရိုးရာ ပြခန်းများပါထည့်သွင်းကျင်းပသွားခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းနည်းတူ ကျင်းပသွားရန် လုံခြုံရေးအပြည့်ချကာ စီစဉ်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ပြီခဲ့သည့်နှစ်တွင် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျေးရွာဒုံးအဖွဲ့ ၄ ဖွဲ့သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင်မှု ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၂၀ ကျော်အထိရှိပြီး ကြာအင်းဆိပ်ကြီးမြို့နယ်မှလွဲ၍ ဖာပွန်အပါအဝင် မြို့နယ် တိုင်းလိုလို ပြိုင်ဒုံးများထွက်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။