Home သတင်း ထားဝယ်တွင် CDM ဆရာ၊ ဆရာမများကို လိုက်လံဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေ

ထားဝယ်တွင် CDM ဆရာ၊ ဆရာမများကို လိုက်လံဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေ

1479
Photo: CJ

အောက်တိုဘာ ၄ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်သူ ကျောင်းဆရာ၊ ဆရာမများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ရှောင်တိမ်းနေရသည်ဟု CDM ဆရာ၊ ဆရာမများထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် CDM ပြုလုပ်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ယခင်လ အောက်တိုဘာလကုန်ပိုင်းမှစတင်ကာ CDM ပြုလုပ်သူကျောင်းဆရာ၊ ဆရာမများကို ဖမ်းဆီးစစ်ဆေးမှုများ အဓိကထား ပြုလုပ်လာသည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် လွတ်မြောက်ရာသို့ ရှောင်တိမ်းနေရသည်ဟု CDM ကျောင်းဆရာမ တစ်ဦးက ပြောသည်။

၎င်းက“ရှောင်နေရတာက အရင်ကတည်းကပါ။ အခုရက်ပိုင်းက နည်းနည်းကြပ်လာတယ်၊ မြို့ထဲမှာကလည်း အစ်ကိုတို့သိတဲ့အတိုင်း အစစ်အဆေးများလာတယ်။ အစ်မအိမ်သွားနေလိုက်အဲလိုပဲလိုက်ပတ်နေရတာပေါ့။ ညဘက်ဧည့်စာရင်းစစ်တဲ့ညတွေဆိုပိုဆိုးတယ်။ ဘာလုပ်လို့၊ ဘာကိုင်ရမှန်းတောင်မသိဘူး ”ဟု ကေအိုင်စီသို့ ပြောသည်။

CDM ပြုလုပ်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ရှောင်တိမ်းနေရခြင်းကြောင့် နေရာအတည် တကျမရှိသည့်အပြင် အလုပ်အကိုင်ပါ မရှိသောကြောင့် ဝင်ငွေမရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုလည်း အခြား CDM ဆရာမတစ်ဦးကလည်း ယခုလို ပြောသည်။

“အခုက ဘယ်ကိုမှလည်းသွားလို့မရဘူးလေ။ ကိုယ်က CDM လုပ်ထားတာဆိုတော့ပိုဆိုးတာပေါ့။ မြို့ထဲမှာက ဆိုင်ကယ်စီးရင်လည်း သူတို့ဖမ်းချင်ရင်ဖမ်းလိုက်တာပဲ။ စားဖို့ထက်တစ်နေရာထဲမှာ မနေရတဲ့အတွက် တစ်ခုခုအတည်တကျ လုပ်ကိုင်စားသောက်ဖို့ဆိုတာက မလွယ်ဘူး၊ ဘာဆက်လုပ်ရမလဲမသိဘူး”ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပညာရေးဌာနမှ CDM ပြုလုပ်သူမှာ ၉၀ ရာခိုင်နှုန်းအထိရှိနေပြီး အများစုမှာ တိုင်းဒေသကြီးအတွင်း နယ်မြေမလုံခြုံမှုများရှိနေခြင်းကြောင့် အခြားသော မြို့များကို ရွှေ့ပြောင်းကြသလို တချို့လည်း စားဝတ်နေရေး အဆင်မပြေမှုများကို ရင်ဆိုင်ဖြေရှင်းနေရခြင်းကြောင့် ထိုင်းနှင့်မလေးရှား နိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ကြရကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များပြောစကားအရ သိရသည်။