Home သတင်း သာမညကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်

သာမညကျေးရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်

1612
Photo: CJ

နိုဝင်ဘာလ(၃)ရက်၊၂၀၂၂ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ သာမညကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ(၂)ရက် ည(၇)နာရီခွဲ အချိန်ခန့်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ညပိုင်းအချိန်တွင် သာမညကျေးရွာ၊ ပန်းမြိုင်စုံ ရပ်ကွက်အနီးတွင် ပေါက်ကွဲသံများ ထွက်ပေါ် လာပြီးသည့်နောက် နာရီအနည်းငယ်အကြာတွင်စစ်ကောင်စီတပ်များနှင့် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ (၇)ခွဲလောက်မှာတော့ ပန်းမြိုင်စုံရပ်ကွက်နားမှာ အသံကြီးတစ်ချက်ရယ် အသံငယ် (၃) ချက်ကြားရတယ်။ ပြီးတော့ ခဏငြိမ်သွားတယ်။ (၁၀)နာရီလောက်မှာတော့ အပြန်အလှန်ပစ်ကြတာ။ ဘယ်နှစ်ချက်လည်းတော့မသိဘူး။ ဆက်တိုက်ပဲပစ်တာ။ ပစ်ခတ်မှုက နာရီဝက်လောက်ဖြစ်သွားတယ်။ စစ်ခွေးတွေ ပြီးခဲ့တဲ့ရက်က တက်လာတာ။ ပြည်နယ်နေ့အတွက် လုံခြုံရေးလာယူတယ်ဆိုပဲ။ ပြည်နယ်နေ့ ပြီးရင်ပြန်မယ်တဲ့”ဟု ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်က ၃ ဦးထိခိုက်အကျအဆုံးများရှိခဲ့သည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

လက်ရှိ သာမညကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သာမညတောင်ခြေနေရာများတွင် စစ်ကောင်စီတပ်မှ ကင်းပုန်းချနေရာယူထားနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။