နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် စစ်ကောင်စီ ရဲတပ်ဖွဲ့ လက်အောက်ခံမြ၀တီနှင့် ကော့ကရိတ်ခရိုင်အဆင့် ရဲတပ်ဖွဲ့ရုံးများတွင် ခရိုင်ရဲမှူးအဆင့် တာ၀န်ရှိသူများ လစ်လပ်နေပြီး ရာထူးနေရာ ရွှေ့ပြောင်းတာ၀န်ထမ်းဆောင်လိုသည့် အရာရှိ မရှိဘဲ တာ၀န်ကျ ရွှေ့ပြောင်းမခံရရေး အကြောင်းအမျိုးမျိုးပြ၊ ငွေပေးနေကြရကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် နီးစပ်သူများ ပြောစကားအရ သိရသည်။
“မြ၀တီက ခရိုင်မှူးက ငွေစားများပြီး ပြည်နယ်က ဖမ်းထားတာ ၃ လလောက်ရှိနေပြီ။ ကော့ကရိတ်က ခရိုင်မှူးက ထွက်ပြေးတာလား၊ နယ်ပြောင်းခံရတာလား တော့မသိဘူး၊ လစ်လပ်နေတာ ၆ လလောက် ရှိပြီ၊ မြို့နယ် ၂ ခုက ခရိုင်မှူး ၂ နေရာကို ရွှေ့ချင်လို့ အရင်ကဆို ငွေပေးပြီး နေရာပြောင်းကြတာ အလုအယက်ပဲ၊ အခုတော့ ဒီမြို့နယ်တွေကို ငွေပေးပြီး ပြောင်းလာမယ့်သူမရှိဘူး ဖြစ်နေတယ်၊ ဒုရဲမှူးတွေက ယာယီခရိုင်မှူးလုပ်ပြီး နေနေရတယ်၊ ”ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်း သတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် ရာထူးတိုးဖြင့် တာ၀န်ကျမည့်သူများသည်လည်း မြ၀တီနှင့် ကော့ကရိတ်ကို တာ၀န်မကျအောင် တခြား အဆင်ပြေပြဿနာမများသည့် နေရာများဘက်ကိုပင် ရွှေ့ပေးရန် ပြည်နယ်လူကြီးများကို လာဘ်ငွေပေး အလိုက်များသည်ဟု စစ်ကောင်စီ လက်အောက်ခံ ရဲအသိုင်းအဝိုင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ များတွင် မူးယစ်ဆေး အကြောင်းပြ၊ နိုင်ငံရေးအကြောင်းပြကာ ဒေသတွင်းပြည်သူများအပေါ် အကျင့်ပျက်ခြစားငွေတောင်းမှု၊ ခြိမ်းခြောက် ငွေညစ်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု မြို့ခံများက ပြောဆိုကြသည်။
၎င်းအပြင် ဒုစရိုက်မှု ၊ လောင်းကစားမှု၊ လုယက်မှု၊ ခိုးမှုများအား ရပ်ကွက် မြို့ရွာနေပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ လုပ်ဆောင်ရာတွင်လည်း လာဘ်ငွေပေးမှသာ အမှုဖွင့်လှစ်ပေးကြောင်း မြို့ခံများထံမှ သိရသည်။
ဖားအံမြို့ခံတစ်ဦးက “ရပ်ကွက်ထဲ ဆိုင်ကယ်ခိုးခံရလို့ အမှုဖွင့်ဖို့သွားတယ်၊ တရားခံလို ခြိမ်းခြောက် မေးမြန်းတယ်၊ မအားသေးဘူး ပြောတယ်၊ ရပ်ကွက် နယ်ထိမ်းကနေတစ်ဆင့် ငွေပေးတော့မှ အမှုဖွင့်ပေးတယ်၊ အမှုတော့ လိုက်ပေးတာ မရှိဘူး၊ သူတို့က နေ့တိုင်းလမ်းပေါ်မှာ လူပြတ်တဲ့နေရာတွေက စောင့်ပြီးဆိုင်ကယ်ကားတွေ စစ်တယ်၊ အမှုတစ်မျိုးမျိုး အကြောင်းပြ ဖမ်းခေါ်ထားပြီး အိမ်ကလူငွေနဲ့လာရွေးခိုင်းတာမျိုးတွေ အဖြစ်များ လာတယ် ”ဟု ပြောသည်။
ကရင်ပြည်နယ် ရဲတပ်ဖွဲ့ အင်အားမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ မှ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ပြုလုပ်ဆန့်ကျင်သူနှင့် ရဲတာ၀န်မှ ထွက်ပြေးတိမ်းရှောင်နေကြသူအများအပြား ရှိနေသည့် အတွက်၊ မြိုင်ကလေး ရဲအရံတပ်ရင်းမှ ရဲတပ်ဖွဲ့၀င်များအား အင်အားဖြည့်တာ၀န်ပူးတွဲထမ်းဆောင် ခိုင်းထားရသည့် အခြေအနေရှိနေသည်ဟု နီးစပ်သူများက ပြောသည်။
၎င်းအပြင် ရဲ ရုံးလုပ်ငန်းများတွင်လည်း ၀န်ထမ်းအင်အား လုံလောက်မှုမရှိတော့ဘဲ ၂၄ နာရီ အချိန်ပြည့် တာ၀န်ထမ်းဆောင်ခိုင်းထားပြီး ဆေးခွင့်၊ နားခွင့်၊ ထွက်ခွင့်များ တင်ပြခွင့်ယူခြင်းကို ပိတ်ပင်ထားသည့်အတွက် စစ်ကောင်စီ လက်အောက်ခံ ရဲ၀န်ထမ်းနှင့် ၎င်းတို့မိသားစုများ အခက်တွေ့ နေကြောင်း ရဲတပ်ဖွဲ့ နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။



















