Home သတင်း စစ်ကောင်စီတပ်က လက်နက်ကြီးလှမ်းပစ်ခတ်၍ ခလယ်-တံခွန်တိုင်ရွာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးလှမ်းပစ်ခတ်၍ ခလယ်-တံခွန်တိုင်ရွာသူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

1423
Photo: CJ

နိုဝင်ဘာ ၁ဝ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်း ဆိပ်ကြီးမြို့နယ်) တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရသွားခဲ့သည်ဟု ရွာသားများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၃၂ လက်အောက်ခံတပ်ဖွဲ့နှင့် BGF အမှတ် ၁ဝ၂၁ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီအချိန်တွင် ၎င်းတို့စခန်းမှ တံခွန်တိုင်ရွာလယ်ကားဂိတ်အထိ လာရောက်ပြီး လူနေအိမ်ရပ်ကွက်များတွင် လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်သည့်အတွက် အသက် ၄ဝ ကျော်အရွယ် နန်းသန်းသန်းအေး ဦးခေါင်းထိမှန်ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ စစ်ဝတ်စုံအပြည့်နဲ့ လူဦးရေ ၂ဝ လောက်ရှိမယ်။ ရွာထဲကို လက်နက်အကြီးရော၊ အသေးရောယူလာပြီး တံခွန်တိုင်ကွက်သစ်တို့ဘက်နဲ့ ရွာအရှေ့ဘက် လူနေအိမ်ထဲ လက်နက်ကြီးနဲ့ ၅၊ ၆ ချက်လောက် လှမ်းပစ်တယ်။ ရာဘာအစေးသိမ်းနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ ဘယ်သူမှလာပစ်ကြတာလည်း မရှိဘူး။” ဟု တံခွန်တိုင်ရွာသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီ၏ ပူးပေါင်းတပ်ဖွဲ့များသည် ၎င်းတို့၏ စခန်းမှကျေးရွာအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်လေ့ရှိသည့်အတွက် စခန်းအနီးဝန်းကျင်ရှိ ရွာသားများမှာ ယနေ့ထိတိုင် နေအိမ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလတုန်းကလည်း အဆိုပါ စစ်ကောင်စီတပ်စခန်းမှ ကျေးရွာထဲသို့ လက်နက်ကြီး လှမ်းပစ်ခတ်သည့်အတွက် တံခွန်တိုင်ကျေးရွာနေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် နန်းသိုင်းထွန်ရွာနေ အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး မြို့ဟောင်းရွာနေ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

ထို့အပြင် စခန်းရှေ့ဖြတ်သန်းသွားလာသူများကိုလည်း သေနတ်ဖြင့် လှမ်းပစ်ခတ်လေ့ရှိပြီး ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ဝင်းရော်ဒေသခံရွာသား ၁ဝ ဦးကျော်ကိုလည်း ၎င်းတပ်တို့ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာများရခဲ့သေးသည်ဟု ရွာသားများထံမှ သိရသည်။