Home သတင်း စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခံရ၍ ချောင်းနှစ်ခွရွာသား ၂ဦးထိခိုက်၊ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခံရ၍ ချောင်းနှစ်ခွရွာသား ၂ဦးထိခိုက်၊ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

1570

နိုဝင်ဘာ ၁၂ရက်၊ ၂ဝ၂၂ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ တိုက်နယ်ရဲစခန်း ယနေ့ နိုဝင်ဘာ ၁၂ရက်နေ့ နံနက်စောစောတွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်များဖြင့် ကျေးရွာအတွင်း ဗုံးကျဲသည့်အတွက် ရွာသား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံ ၅ဝဝကျော်မှာ စစ်ဘေး ရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယနေ့နံနက် ၅နာရီအချိန်တွင် နယ်မြေခံ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ချောင်းနှစ်ခွတိုက်နယ်ရဲစခန်းဝင်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ် ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ် ၂စီးဖြင့် ကျေးရွာထဲသို့ ဆယ်ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်များ ထိမှန်ပျက်စီးမှုရှိသည့် အပြင် ချောင်းနှစ်ခွတံတားနှင့် မွန်-ကရင်ဆက်သွယ်ထားသည့် လမ်းမကြီးကိုလည်း သွားလာခွင့်ပိတ်လိုက်သည်ဟု ရွာသားများက ပြောဆိုသည်။

“ဒီမနက်ပိုင်းမှာ ရဲစခန်းကို ဝင်ပစ်ကြပြီးတော့ စကစဘက်က ရွာစျေးအနီးဝန်းကျင်နဲ့ လူနေအိမ်တစ်လျှောက်ကို လေယာဉ် ၂စီးနဲ့ လာပြီးဗုံးကျဲသွား တယ်။ ရွာသား ၂ယောက် ဒဏ်ရာရတယ်။ လူနေအိမ်လည်း ထိမှန်တယ်။ တစ်ရွာလုံး ပြေးကြပြီး။ လမ်းမကြီးရော၊ တံတားကြီးပါ စကစဘက်က သွား လာမှု ပိတ်ထားကြတယ်။”ဟု စစ်ရှောင်ကူညီသူတစ်ဦးမှ ယနေ့ နိုဝင်ဘာ ၁၂ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီရဲတပ်ဖွဲ့တို့၏ နှစ်ဖက်ပစ်ခတ်မှုကြောင့် ရဲ ၃ဦး ကျဆုံးသွားပြီး ကျန် ၄ဦးမှာ ပျောက်ဆုံးလျှက်ရှိပြီး ရဲစခန်းဌာနဆောင်တစ်ခု မီးလောင်ပျက်စီးသွားသည်။ ထို့အပြင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ် ၂စီးဖြင့် စခန်းအနီးနှင့် ကျေးရွာလူနေအိမ်များ တွင် ၁၃ ကြိမ်အထိ လာရောက်ဗုံးကျဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၅ဝဝကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင် ကူညီသူများထံမှ သိရသည်။

ချောင်းနှစ်ခွရွာ တိုက်နယ်ရဲစခန်းဝင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး စစ်ဆင်လာလျှက်ရှိပြီး ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွလမ်းမကြီးနှင့် မုဒုံ-ခလယ်-တံခွန်တိုင်၊ ကျိုက်မရောလမ်းမများတွင် စစ်ကောင်စီဘက်မှ သွားလာခွင့်ပိတ်ထားလိုက်ပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေလျှက်ရှိသည်ဟု ခရီးသွားပြည်သူများထံမှ သိရသည်။