နိုဝင်ဘာ ၁၃ရက်၊ ၂ဝ၂၂ခုနှစ်။ ကေအိုင်စီ
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာ တိုက်နယ်ရဲစခန်းတွင် နိုဝင်ဘာ ၁၂ရက်နေ့ နံနက်ပိုင်းအချိန်က KNLA တပ်မဟာ ၆၊ တပ်ရင်း(၁၇) ပူးပေါင်းတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းမှူး အပါအဝင် ၃ဦး ကျဆုံးပြီး ၄ဦးမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တော်လှန်ရေးပူးပေါင်း အဖွဲ့ထံမှ သိရသည်။
သုံ့ပန်းအဖြစ် ဖမ်းမိခဲ့သူများမှာ ရဲတပ်ကြပ်ကြီး အေးကို၊ တပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ တပ်သား ကိုလင်းတို့ဖြစ်ကြပြီး စခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦးနှင့် တပ်သား အောင်နန်းဇွန်တို့ ၃ဦးမှာ ကျဆုံးခဲ့သည့်အပြင် ၎င်းတို့၏စခန်းမှ AK-47 တစ်လက်၊ M-16 လေးလက်၊ G-3 တစ်လက်၊ ၆ဝ မမ ပြောင်းတိုတစ်လက်၊ ရှေ့ထွက်မိုင်း ၂လုံးနှင့် ကျည်များလည်း သိမ်းဆည်းရမိသည်ဟု နဂါးနီစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
KNLA တပ်ရင်း ၁၇၊ နဂါးနီစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောအယ်က “ရဲ ၄ဦးကိုတော့ သုံ့ပန်းအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်။ ကျနော်တို့ဘက် က ထိခိုက်မှုမရှိပါဘူး။ စကစလက်ထက်မှာ လူတွေရဲ့ လူနေမှုဘဝတွေ၊ လူမှုစီးပွားတွေကအစ လုံခြုံမှုမရှိတော့တဲ့အချိန်မှာ ဒီအရာတွေ ကျော်ဖြတ်နိုင် ကြဖို့ အခက်ခဲတွေကို အတူတူရင်ဆိုင်ပြီးတော့ တော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင် အားလုံး ပါဝင်ပေးစေချင်ပါတယ်။”ဟု နိုဝင်ဘာလ ၁၃ရက် ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့မနက်က ချောင်းနှစ်ခွရွာရဲစခန်းအတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ် ၂စီးဖြင့် စခန်းအနီးဝန်း ကျင်နှင့် ကျေးရွာလူနေအိမ်များတွင် ၁၃ကြိမ်အထိ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး သံဃာတော်တစ်ပါးနှင့် ရွာသား ၁ဦး ထိခိုက်ဒဏ်ရာရသွားကာ ဒေသခံ ၅ဝဝကျော်မှာလည်း အခြားကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
စစ်ကောင်စီရဲတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ချောင်းနှစ်ခွတံတားအား စစ်ကောင်စီဘက်မှ ဖြတ်သန်း ခွင့်ပိတ်ထားလိုက်ပြီး ယနေ့နိုဝင်ဘာ ၁၃ရက်နေ့တွင် ဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ခရီးသွားပြည်သူများက ပြောဆို သည်။
အဆိုပါချောင်းနှစ်ခွရွာ နယ်မြေရဲစခန်းနှင့် တံတားလုံခြုံရေး ဂိတ်စခန်းများတွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)၊ ရဲ၊ စစ်ကောင်စီတပ်ဖွဲ့တို့ လုံခြုံရေး ယူထားလေ့ရှိပြီး ပြီးခဲ့သည့် မေလတွင်လည်း ချောင်းနှစ်ခွတံတားလုံခြုံရေး ဂိတ်စခန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့သည့်အ တွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့သေးကြောင်း သိရသည်။



















