Home သတင်း ဖာလာစေ့ ထွက်နှုန်းတိုးသော်လည်း စျေးနှုန်းကျဆင်းလျှက်ရှိ

ဖာလာစေ့ ထွက်နှုန်းတိုးသော်လည်း စျေးနှုန်းကျဆင်းလျှက်ရှိ

2431

နိုဝင်ဘာ ၁၄ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း ယခုနှစ် ဖာလာစိုက်ပျိုးရာတွင် ဖာလာစေ့အထွက်နှုန်း တိုးလာသော်လည်း အရောင်းစျေးနှုန်းကျဆင်း လျှက်ရှိကြောင်း ဒေသခံ စိုက်တောင်သူများထံမှ သိရသည်။

ယခင်နှစ်တွင် ဖာလာစေ့ တစ်ပိသာလျှင် ကျပ် ၁ဝဝဝဝ ကျော်အထိ စျေးနှုန်းရရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ဖာလာသီးခူးသည့်ရာသီမှ နိုဝင်ဘာလအထိ ကျပ် ၇ဝဝဝကျော်လောက်သာ စျေးနှုန်းရှိနေတော့သည်ဖြစ်၍ ဥယျာဉ်ခြံစိုက် ကုန်ကျမှုနှင့် အလုပ်သမားငှားရမ်းခအတွက်သာ အမြတ်အစွန်းရရှိသည်ဟု ဖာလာစိုက်တောင်သူများထံမှ သိရသည်။

“ရာသီဥတုမှန်လို့ပေါ့နော်။ ဒီနှစ် ဖာလာအသီး တအားထွက်တယ်။ စျေးက ကျပ် ၈ဝဝဝအောက်မှာပဲရှိ တော့တယ်။ ၁ဝ,ဝဝဝကျော်လောက်စျေးနှုန်းရှိမှ အဆင် ပြေကြမယ်ပေါ့။ ငွေတန်ဖိုးက သိပ်မှမရှိတာလေးနော်။ အလုပ်သမားငှားခလောက်ပဲ ရနေကြတော့ တယ်။ ဒီဖာလာစေ့ကနေပဲ ဆီ၊ ဆန်၊ ဆားတွေ ပြန်ဝယ်ရ တယ်။ ဒီနှစ်စျေးနှုန်းအတိုင်းဆို စားဝတ်နေရေး အားလုံးခက်ခဲသွားကြတယ်။”ဟု သံတောင်မြို့ ဖာလာစိုက်တောင်သူ နော်ကပေါ်ရှီုးက နိုဝင်ဘာ ၁၂ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

သံတောင်၊ သံတောင်ကြီး၊ ဘောဂလိ(ခလယ်လာ)၊ ဖာပွန်၊ လိပ်သိုနှင့် ကလယ်စိုးခွီးဒေသများတွင် ယခုနှစ် ဖာလာစေ့ အများအပြားထွက်ရှိကြပြီး အောက်တို ဘာလအတွင်းက ပိဿာချိန် ၉သိန်းအထိ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြသည်ဟု ဖာလာရောင်းဝယ်သည့်ဒိုင်များထံမှ သိရသည်။

သံတောင်ကြီးမြို့ ဖာလာအဝယ်ဒိုင် နော်ဆာထူးက “ဖာလာစျေးကျတာက အဓိက တရုတ်ဘက်ကို တင်ပို့တဲ့ ကုန်းလမ်း ပိတ်ထားတာပေါ့နော်။ သင်္ဘောကနေ တစ်ဆင့် ပြန်ပို့ရတော့ ၁ပိသာကို ပို့ခ ၃၅ဝဝကျပ်လောက် ကုန်ကျမှုရှိသွားတယ်။ ဒေါ်လာစျေးနှုန်းအပြောင်းအလဲအပြင် မြန်မာငွေတန်ဖိုးပါကျတော့ ဖာလာ စိုက်တောင်သူရော ဒိုင်တွေရော မကိုက်ကြဘူးပေါ့နော်။ တရုတ်တွေက စျေးပေါပေါပဲ ဝယ်ချင်ကြတယ်။ ဒီလုပ်ငန်းပဲရှိနေတော့ ရတဲ့စျေးနဲ့ရောင်းကြပြီး စားဝတ်နေရေး အခက်အခဲ ဖြေရှင်းနေရတယ်။”ဟု နိုဝင်ဘာ ၁၃ရက် ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်မှထွက်ရှိသည့် ဖာလာစေ့များကို တောင်ငူ၊ ရန်ကုန်ပွဲရုံများမှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ကြပြီး နှစ်စဉ် ဖာလာစေ့ပိဿာချိန် ၁၅သိန်း အထိ တင်ပို့နိုင်ခဲ့ကြသည်။ အဆိုပါဖာလာစေ့ကို ဟင်းခတ်အမွှေးကြိုင်၊ စားသောက်ကုန်များနှင့် ဆေးဝါးဖော်စပ်သည့်နေရာတွင် အသုံးပြုကြသည်ဟု ဖာလာစေ့ အဝယ်ဒိုင်များထံမှ သိရသည်။