Home တွေ့ဆုံမေးမြန်းခန်း တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

723

တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူးကဏ္ဍ)

သူကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနယ်မြေထဲရောက်ရှိလာတဲ့ အသက် ၂၁နှစ်အရွယ် ကရင်အမျိုးသမီးလူငယ် နန်းချောစုခင်ဖြစ်ပါတယ်။ လတ် တလောမှာတော့ တော်လှန်ရေးထဲ မှာ သူတတ်မြောက်ထားတဲ့ ကဏ္ဍကနေ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေသလို ကြုံတွေ့လာတဲ့ အခက်အခဲတွေနဲ့ မတရား စစ်အာဏာသိမ်းမှုအပေါ် သူမရဲ့အမြင် သဘောထားတွေကို သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – စစ်တပ်အာဏာသိမ်းတဲ့အပေါ် လူငယ်တစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ – စစ်တပ်အာဏာသိမ်းတာကိုလူငယ်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်ဒါက လုံးဝကိုမတရားဘူ လို့မြင်တယ်။ လက်နက်အားကိုးရှိတိုင်းပြည်သူအပေါ်ကို ဖိနှိပ် ချုပ်ချယ်မှုတွေ တွေ့ရတယ်။ ပြီးရင် ညီမတို့ လူငယ်တွေအနေနဲ့လည်း ဒီလိုညီမတို့ရှေ့လျှောက်ဖို့ ကြိုးစားရမဲ့ အခွင့်အလမ်းတွေ အိပ်မက်တွေ၊ ဝါသနာတွေ ရိုက်ချိုးခံရတဲ့ ပုံစံမျိုးတွေလည်း မြင်တယ်။ အဲ့တာကြောင့်မို့ စစ်အာဏာသိမ်းတာကို လုံးဝမတရားဘူး။ လုံးဝလည်း ရှုတ်ချတယ်။

မေး – စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲမှာ ဘယ်လိုပုံစံနဲ့ စတင်ပါဝင်ဖြစ်လဲ။
ဖြေ – ဖေဖော်ဝါရီ ၁ရက်နေ့မှာ ညီမတို့က ညဘက်မှာ သူတို့က လိုက်ဖမ်းနေပြီး။ ညီမတို့လူငယ်အနေနဲ့လည်း လူကြီးတွေက ရှောင်ပါရှောင်ပါ ဆိုတော့ ၁ရက်နေ့ညက နေ ရှောင်ရတယ်။ ရှောင်နေရင်းနဲ့ပဲ ဒီတိုင်းနေ့ခင်းဘက်ဆိုပြန်လာတယ်။ ညဘက်ဆိုရှောင်အိပ်တယ် ကိုယ့်အိမ်မဟုတ်တဲ့တစ်ခြားလူ အိမ်မှာအိပ်ရတယ်။ ဆန္ဒပြပွဲကျ တော့ ညီမတို့မြို့မှာ ၈ရက်နေ့မှာစပြီး ဆန္ဒပြတယ်။ အဲ့ဒီကတည်းကနေ ညီမတို့လည်း အားတက်သရော လူငယ်တွေ လူကြီးတွေ အရွာယ်သုံးပါး အကုန်လုံး ညီမတို့မြို့မှာ ဆန္ဒစပြခဲ့တာပေါ့နော်။ ညီမတို့အနေနဲ့လည်း ကြွေးကြော်သံတွေကိုင်ပေးတာတို့ ပြည်သူအရှေ့ကနေပြီး ရဲရဲဝံ့ဝံ့ ဆန္ဒပြခဲ့တဲ့ ပုံစံမျိုးတွေ ညီမတို့လှုပ်ရှားခဲ့တယ်။

မေး – ဒီလိုဆန္ဒပြပွဲမှာပါဝင်တော့ မိသားစုတွေ ပံ့ပိုးကူညီတာရှိလား။
ဖြေ – မိသားစုဆွေမျိုးသားချင်းတွေက မကြိုက်ဘူး။ ဒီဆန္ဒပြတာကို သူတို့ကလည်း ကြုံခဲ့ဖူးတဲ့ အနေအထားတွေကြောင့်မို့လို့ ဆန္ဒပြတာကို သူတို့က စိတ်ပူတယ်။ မသွားနဲ့လို့ တားခဲ့တဲ့နေ့တွေလည်း ရှိတယ်။ အမျိုးမျိုးပေါ့နော်။ သူတို့ခေတ်တုန်းက ဖြစ်ခဲ့တယ်။ ဒီလိုဆို အိမ်ပြန်လို့မရတော့ဘူးဆိုပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ရှင်းပြ တယ်။ အမှန်တကယ်က သူတို့က ကြောက်နေခဲ့တာ။ ကျမအနေနဲ့က ဒီအချိန်မှာက တားလည်း နားထောင်မှာ မဟုတ်ဘူ။ ဘာဖြစ်လဲဆိုတော့ ဒါက အမှန်တရားအတွက် ကို ပြည်သူတွေ အားလုံးနီးပါး စတင်ဆန္ဒထွက်ပြတယ်။ အသက်တွေလည်း ပေးခဲ့ရတယ်။ သူတို့ဘက်ခြမ်းကလည်း ရက်စက်ကြမ်းကြုတ်တွေ၊ သေနတ်နဲ့ ပစ်ခတ်သတ် ဖြတ်မှုတွေဖြစ်လာတဲ့အချိန်မှာ အိမ်ကလူတွေက စိတ်ပူပြီး တားတယ်။ သို့ပေမဲ့ ညီမကိုတားပေမဲ့ လုံးဝကို နားမထောင်ခဲ့ဘူ။ နားမထောင်ခဲ့လို့လည်း အမွေဖြတ်တဲ့အထိ ဖြစ်လာခဲ့တာပေါ့နော်။

မေး – ညီမအနေနဲ့ အဆင့်ဆင့် ဖြတ်ကျော်ရတဲ့အတွေ့အကြုံ၊ အခက်အခဲတွေပြောပြပေးပါလား။
ဖြေ – ညီမတို့က ဆန္ဒပြတယ်ဆိုရင်လွယ်အိတ်ထဲမှာ အမြဲတမ်းအင်္ကျီဟာ ထည့်ထားပြီးသားပဲ။ ကိုယ်ပြေးရမဲ့အနေအထားကို ကိုယ်သိနေတော့လေ။ အဖမ်းလည်း မခံနိုင် ဘူးဆိုတော့ လွှတ်ရာကိုပြေးမှာပေါ့နော်။ အဲ့တော့ အင်္ကျီတော့ အများကြီးပါမသွားဘူ။ သွားခဲ့တဲ့နေရာကလည်း တောရိုင်းတိရိစ္ဆာန်ကလည်း ပေါတယ်။ စားကျက်မြေလည်း ဖြစ်တော့ ကျွဲ၊ နွားတွေလည်း ပေါတယ်။ ညီမတို့ အင်္ကျီတွေဆိုလည်း ကျွဲလာစားလိုက်၊ နွားလာစားလိုက်။ နောက်ပိုင်း ဝတ်စရာတွေက လုံးဝကို နည်းပါးပြီးတော့ မရှိသ လောက်ဖြစ်သွားတဲ့ အနေအထားတွေ ဖြစ်ဖူးတယ်။ လိုင်းအခြေနေတွေဆိုလည်း မရဘူ။ လိုင်းသုံးဖို့ဆိုလည်း တအားခက်ခဲတယ်။ လိုင်းသုံးဖို့ တစ်ခြားနေရာသွားရတဲ့အချိန် ဆိုရင် ရုပ်ဖျက်ပြီးသွားရတဲ့အနေအထား၊ ကိုယ့်ကို သူများမသိအောင်လို့ အမျိုးမျိုးရုပ်ဖျက်ပြီးသွားခဲ့ရတဲ့အနေအထားမျိုးတွေ ဖြစ်ခဲ့တယ်။ ပြီးရင် လိုင်သုံးမဲ့နေရာ လိုက်ရှာ ရင်း ကိုယ်နေတဲ့နေရာရဲ့ အနီးအနားတစ်ဝိုက်ရောက်ဖို့ မိနစ် ၂၀လောက်လျှောက်ရတယ်။ ကိုယ်နေတဲ့နေရာလည်း စားကျက်မြေလည်းဖြစ်တော့ ကျွဲ၊ နွားတွေပေါတယ်။

မိုးရွာရင် ခမောက်ဆောင်းပြီး မိုးကာလေး အရှေ့အနောက်ချည်ပြီး မိုးရေထဲမှာ လိုင်းထိုင်သုံးရတယ်။ သတင်းအခြေအနေအချက်အလက်ကို သိချင်တာပေါ့နော်။ ဘယ်သူတွေ ဘယ်လိုဖြစ်သွားပြီးလဲ အဲ့အခြေနေကိုသိချင်လို့ ညီမတို့က အဲ့ဒီ စာကျက်မြေထဲ၊ မိုးရေထဲမှာ လိုင်းသွားသုံးရတဲ့ အနေအထားတွေလည်းရှိတယ်။ အစားအ သောက်တွေဆိုလည်း မုန့်တွေ တအားစားချင်ပြီးဆိုတဲ့အချိန်မှာ သွားခဲ့တဲ့မုန့်ဆိုင်ကလည်း အဝေးကြီး၊ ခြံတွေ၊ ကွင်းတွေ အများကြီး ဖြတ်ခဲ့ရတယ်။ ရောက်သွားတဲ့မုန့်ဆိုင် တွေက ညီမတို့မြို့မှာဆိုရင် ဆိုင်ကယ်နဲ့ တွဲလောင်းရောင်းတဲ့မုန့်ဆိုရင် များသောအားဖြင့် ညီမတို့က မစားဘူ။ အဲ့မုန့်တွေက ရွာတွေမှာ ပို့လေ့ရှိတာ။ မရှိတဲ့အဆုံးတော့ အဲ့မုန့်တွေကို စားပြီး နေထိုင်ရတာပေါ့နော်။ ဘဝမှာက လုံးဝကို မတွေ့ဖူး၊ မကြုံဖူး၊ မမြင်ဖူးတဲ့အရာတွေလည်းမြင်ခဲ့ရတယ်။ အဲ့အချိန်မှာ ကိုဗစ်တွေအရမ်းထတယ်။ နေမ ကောင်းဖြစ်ရင် ကျန်းမာရေးကြောင့် အခက်ခဲတွေ ဖြစ်လာရင် ညီမတို့မှာ ဆရာဝန်မရှိဘူး။ ဆေးလာကုပေးမဲ့သူမရှိဘူး။ အဲ့အချိန်မှာတော့ အခက်ခဲတွေက အများကြီး ကြုံခဲ့ ရတာပေါ့နော်။ ဒါက လွတ်မြောက်နယ်မြေမရောက်ခင်ထိ အခက်ခဲတွေအများကြီး။

မေး – တောထဲနေခဲ့တဲ့ တောက်လျှောက်ပေါ့နော်။ တော်လှန်ရေးနယ်မြေထဲရောက်တော့ ဘာတွေဆက်လုပ်ဖြစ်လဲ။
ဖြေ – လက်ရှိတော်လှန်ရေးထဲမှာတော့ ညီမက ပထမဦးဆုံးက ခိုလုံသူအဖြစ်နဲ့ပဲ။ အိမ်မှာနေလို့မရတော့လို့ တော်လှန်ရေးနယ်မြေထဲရောက်လာတာပေါ့နော်။ တော်လှန် ရေးနယ်မြေထဲရောက်တော့ ညီမရောက်လာတဲ့ရွာလေးမှာ ဖြစ်ချင်တော့ pdf သင်တန်းတွေဖွင့်တယ်။ ကိုယ့်အနေနဲ့လည်း ရဲတော်တွေလောက်တော့ လိုက်မလုပ်နိုင်ဘူး။ အဲ့မှာ ရဲမေတွေလည်း ရှိတယ်။ အဲ့အချိန်မှာ နိုင်သလောက်လေး လိုက်လုပ်တယ်။ သေနတ်ပစ်တာတို့၊ ကိုယ်ခံပညာခိုင်အောင်၊ သန်မာအောင်ဆိုပြီး သူတို့နဲ့တန်းတူတော့ မတက်နိုင်ခဲ့ပေမဲ့ သူတို့လောက်တော့ လိုက်ပြီးတက်ခဲ့တယ်။ ဥပမာ သူများ ဒိုက်ကို အချက် ၂၀ထိုးရင် ကိုယ်က ၁၀လောက်ပဲထိုးနိုင်တဲ့ အနေအထားတွေ သင်တန်းလိုက် တက်ခဲ့တယ်။ ဒါပေမဲ့ pdf လားဆိုရင် ညီမက pdf တစ်ယောက်မဟုတ်ဘူး။ pdf နဲ့ သင်တန်းအတူတူ သင်တန်းလိုက်တက်ဖူးတာလောက်ပဲပေါ့နော်။ ခိုလုံသူအဖြစ်နဲ့ပဲ ကိုယ့်ရဲ့အထည်လေးကို ရက်တယ်။ ဖြစ်ချင်တော့ သင်တန်းထဲမှာ ကလေးတွေအများကြီးပဲ။ ကိုယ့်ထက်ငယ်တဲ့လူ၊ ကိုယ့်ထက်ကြီးတဲ့လူတွေလည်းရှိတယ်။ သူတို့တွေ တအားစိတ်ဓာတ်ထက်သန်ပြီး တိုက်ရေးခိုက်ရေးမှာလည်း အရည်အချင်းတွေရှိတာပေါ့နော်။ သူတို့အနေနဲ့ဘာတွေလိုအပ်လဲဆိုတော့ လက်နက်ခဲယမ်းတွေက လိုအပ်တာ ပေါ့။ လက်နက်ခဲယမ်းက အပြည့်မရှိဘူးပေါ့။

အဲ့ချိန်မှာ ညီမက ဘာတွေလုပ်ပေးနိုင်လဲ စဉ်းစားရင်းနဲ့ ကိုယ့်ရဲ့ ဂျက်ခုတ်အထည်ကို လုံးဝ သေသေသပ်သပ်သင်မယ်။ သင်ပြီးရင် အဲ့အထည်တွေကိုရက်ပြီး ရောင်းမယ်။ ရောင်းရတဲ့ငွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၊ စစ်ဘေးရှောင်တို့ ပြန်ပြီးထောက်ပို့နိုင်တဲ့အထိ ဖြစ်အောင် လုပ်မယ်။ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ ဂျက်ခုတ် အထည်ကို အမြဲတမ်း ရက်ဖြစ်တယ်။ ရောင်းဖြစ်တယ်။ ရတဲ့ပိုက်ဆံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း လှူတယ်။ စစ်ဘေးရှောင်တွေလည်း ထောက်ပံ့တယ်။ အဲ့အချိန်မှာ ကိုယ့်ကို လူသိမများတဲ့အတွက်ကြောင့်မို့လို့ targets တစ်ခုထိတော့ မရောက်ခဲ့ဘူး။ လုပ်တော့လုပ်ပေးခဲ့ပေမဲ့ အများကြီး မလုပ်ပေးနိုင်ခဲ့ဘူး။ ညီမကို လူသိ များလာတဲ့အချိန်မှာတော့ လုံးဝကို ထောက်ပို့ဆိုတဲ့ ဘယ်သူမှမပေးတဲ့တာဝန်ကို ညီမဟာ ကိုယ့်အသိစိတ်နဲ့ နိုင်ရာဝန်ကို ဝင်ထမ်းမယ်ဆိုပြီး သင်္ကြန်မှာ ညီမက အကတစ် ပုဒ် ကခဲ့တာပေါ့နော်။ အဲ့အက ဗွီဒီယိုဖိုင်ကလည်း မထင်မှတ်ဘဲ လူမှုကွန်ရက်မှာ ပျံ့သွားတဲ့အတွက်ကြောင့် ညီမကို လူသိများလာတယ်။ လူသိများလာတဲ့အချိန်မှာ ဒီထောက်ပို့အလုပ်ကို ပိုပြီးတော့ တစ်ထစ်ကျ ကြိုးစားပြီးလုပ်မယ်ဆိုပြီး အဲ့တာနဲ့ညီမက ဘယ်အဖွဲ့အစည်းအောက်မှာမှ မဟုတ်ဘူး။ ရိုးရိုးခိုလုံသူထောက်ပို့ပဲ ဖြစ်ပါတယ်။

မေး – အခုကော ဘယ်လိုပညာရေးမျိုးတွေ တော်လှန်ရေးနယ်မြေထဲမှာ သင်ယူဖြစ်လဲ။
ဖြေ – ဒီတော်လှန်ရေးနယ်မြေထဲမှာ ပထမဦးဆုံးတတ်ခဲ့တဲ့ပညာကတော့ ဂျက်ခုတ်ပညာပေါ့နော်။ ကရင်ရိုးရာအထည် ဂျက်ခုတ်ပညာကို ညီမစပြီးတတ်မြောက်ခဲ့တယ်။ ပြီးရင် အချိန်ရရင်ရသလို ညီမက လိုင်းကနေ အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုခုဖြစ်ဖြစ် အမြဲတမ်းလေ့လာဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ လိုင်းက အမြဲတမ်းမိ သွားပြီး။ ဒါပေမဲ့ ညီမက အမြဲတမ်းမအားတော့ အားတဲ့အချိန်လေးမှာတော့ စာတွေနည်းနည်းပါးပါး လေ့လာဖြစ်တယ်။ အခုဆိုရင် ဂစ်တာလည်း သင်နေပါတယ်။

မေး – လူငယ်အမျိုးသမီးတစ်ဦးအနေနဲ့ အခက်အခဲစိန်ခေါ်မှုတွေ ကြုံလာတဲ့အခါ ဘယ်လို စိတ်ဓာတ်မြင့်တင်ပြီး ရှေ့ဆက်ကြိုးစားနေရလဲ။
ဖြေ – ဒီအချိန်မှာက ဒုက္ခက လူတိုင်းရောက်တယ်။ မြို့ပေါ်က ပြည်သူတွေလည်း သူတို့အလျှောက် ဒုက္ခရောက်တယ်။ ကိုယ်တစ်ယောက်ထဲ ဒုက္ခရောက်တာမဟုတ်ဘူး။ အဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်မြှင့်တင်ရင်းနဲ့ ဒီအာဏာရှင်စနစ်ကိုလည်း ငါတို့မျိုးဆက်မှာ အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုပြီး စိတ်ဓာတ်က အမျိုးမျိုး မြှင့်တင်တယ်။ ညီမက စိတ်ညစ်ရင် ကိုယ်ဝါသနာပါရာအကကို အမြဲတမ်း ကနေလိုက်တယ်။ စိတ်ကိုပြောင်းလိုက်တာပေါ့နော်။ စိတ်ဓာတ်ကတော့ ကျခဲ့တဲ့အချိန်မျိုးတွေရှိတယ်။ ဒါပေမဲ့ လုံးဝကို စိတ်ဓာတ်ကျပြီး ပြန်မထလာနိုင်တဲ့ အခြေအနေမျိုးတွေတော့ မဟုတ်ဘူး။ စိတ်ဓာတ်ကျတယ် ခနပဲ။ ပြီးတော့ ဒီထက်ကောင်းအောင် ဘာလုပ်သင့်လဲ။ ဒီလိုစိတ် ဓာတ်ကျနေလို့မဖြစ်ဘူ။ ဒါက ငါတို့ရွေးချယ်ခဲ့တဲ့လမ်း၊ ယုံကြည်တဲ့လမ်း၊ ခံယူချက်ဆိုပြီးတော့ အဲ့တာတွေနဲ့ပဲ စိတ်ဓာတ်မြင့်တင်ခဲ့တာပေါ့နော်။ ဒီအချိန်မှာက ကိုယ်တစ် ယောက်ထဲ ဒုက္ခရောက်နေတာ မဟုတ်ဘူး။ အားလုံးက ဒုက္ခရောက်နေတာ။ ကိုယ်တွေတောင်မှ ပြောရမယ်ဆိုရင် တအားကြီး ဒုက္ခရောက်တဲ့အထဲမှာ မပါဘူး။ စိတ်ဓာတ် ကျတာတော့ မရှိသလောက်ပါပဲ။

မေး – အမျိုးသမီးလူငယ်တစ်ဦးအနေနဲ့ အမျိုးသမီးတွေကို ဘာအားပေးစကား ပြောချင်လဲ။
ဖြေ – ဘာမှစိတ်ဓာတ်ကျစရာ မလိုဘူး။ ကိုယ်က သူတို့လောက် မလုပ်ပေးနိုင်ဘူဆိုပြီးတော့လည်း ဘာမှ အားငယ်နေစရာမလိုဘူး။ ကိုယ်လုပ်ပေးနိုင်တာကိုပဲ ကိုယ် လုပ်၊ ကိုယ်ထမ်းပေးနိုင်တာလောက်ပဲ ထမ်း၊ နိုင်ရာဝန်ကိုထမ်းတဲ့အချိန်မှာ ကိုယ်နိုင်သလောက်ပဲထမ်းပြီးတော့ အဲ့ဒီထမ်းလိုက်တဲ့ အလေးချိန်ရဲ့အရွေ့ကို ကိုယ်သွားနိုင်ရ မှာပေါ့နော်။ ကိုယ်က နိုင်ရာဝန်ကို တအားကြီး ထမ်းတဲ့အချိန်မှာ၊ အရွေ့ကို မသွားနိုင်တဲ့အချိန်မှာ ပန်းတိုင်ကိုမရောက်ဘူး။ အဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ အများကြီး မြင်ရ မယ်၊ ကြုံရမယ်၊ အခက်ခဲတွေ အများကြီး တွေ့ရမယ်။ အဲ့တာကြောင့်မို့လို့ ညီမဆိုရင် နိုင်ရာဝန်ကိုပဲ လုပ်တယ်။ ဒီအရာတစ်ခုကို မနိုင်ဘူးဆို မနိုင်ဘူး။ ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောတယ်။ ဒါကြီးကို စိတ်ထဲမှာထားပြီးတော့ မလုပ်နိုင်ဘူး စိတ်ထဲမှာထားပြီးလည်း အဲ့လို မရှိပါဘူးပေါ့နော်။

ဒီတော်လှန်ရေးနယ်မြေထဲမှာ ဝင်လုပ်နေတဲ့ အမျိုးသမီးလူငယ်တွေ အများကြီးရှိတယ်။ ညီမတို့ထက်ငယ်ပြီး စနိုင်ဘာတွေဖြစ်သွားတဲ့ လူငယ်တွေလည်း အများ ကြီးရှိတယ်။ သူတို့အတွက်ကိုလည်း အများကြီး ဂုဏ်ယူရပါတယ်။ ညီမတို့ကတော့ ထောက်ပို့ပဲ လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်း စိတ်မကောင်းတော့ ဖြစ် ရတာပေါ့နော်။ သူတို့လောက်တော့ အများကြီး မလုပ်ပေးနိုင်ဘူး။ ဒါပေမဲ့ ကိုယ်လည်း နိုင်ရာဝန်ကို လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ အားလုံးပဲ နိုင်ရာတာဝန်ကိုယ်စီကို နိုင်သလောက်လေး ထမ်းရင်းနဲ့ အမျိုးသားတစ်ယောက်လောက် မလုပ်ပေးနိုင်ပေမဲ့ အမျိုးသားနဲ့တန်းတူနီးပါး၊ ရဲဘော်တွေနဲ့ တန်းတူနီးပါး လုပ်နိုင်တဲ့အမျိုးသမီးတွေ အများကြီးရှိတာပေါ့နော်။ အဲ့တာကြောင့်မို့ အားလုံးပဲ ဘာမှ အားမငယ်နဲ့။ အားငယ်စရာမလိုဘူး။ ငါတို့မှာ ငါတို့ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီးတော့ နေကြပေါ့။ မှားတယ်ဆိုလည်း ထောက်ပြပေါ့။ မှန်တယ်ဆိုလည်း အတုယူပေါ့။ အဲ့လိုပဲ ရှင်သန်ပြီး နေထိုင်ပေးကြပါ။ ဒီတော်လှန်ရေးပေါ်မှာလည်း သစ္စာရှိရှိနဲ့ အဆုံးထိ တိုက်ပွဲဝင်ပေးကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

မေး – အနာဂတ်မျှော်လင့်ချက်ကို ဘယ်လိုမျှော်လင့်ထားပါသလဲ။
ဖြေ – လက်ရှိမှာတော့ အဓိကတော့ တော်လှန်ရေးပြီးမှ၊ အရေးတော်ပုံအောင်ပြီးမှ ဒါက ညီမတို့အနာဂတ်ပဲပေါ့နော်။ ဒီတော်လှန်ရေးမပြီးဘူ၊ အရေးတော်ပုံ မအောင်ဘူး ဆိုရင် ဒါ ညီမတို့က အသက်ရှိနေပေမဲ့ အနာဂတ်တော့ ဘာမှမရှိဘူး။ ပျောက်နေတာပေါ့။ အနာဂတ်အတွက်က ဒီတော်လှန်ရေးပြီးရင်တော့ အနာဂတ်အတွက်က အများ ကြီး ကြိုးစားသွားဖို့ ရှိပါတယ်။

မေး – နောက်ဆုံးဘာတွေ ဖြည့်စွက်ပြောချင်တာတွေရှိလဲ။
ဖြေ – ဖြည့်စွက်ပြီးပြောချင်တာကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ အဓိက ကတော့ ဒီတော်လှန်ရေးကို စိတ်ဓာတ်မကျဖို့ပေါ့နော်။ ဒီတော်လှန်ရေးအောင်တဲ့အထိ ဆက်ပြီး အတူတူ စည်းစည်းလုံးလုံးနဲ့ အတူတူတွန်းလှန်သွားမယ်။ အာဏာရှင်စနစ်ကိုဒီမျိုးဆက်မှာပဲ အမြစ်ဖြတ်ချင်တယ်။ ပြီးတော့ မတရားတာကို မတရားဘူးလို့ ပြောရဲ ရမယ်။ ပြောလို့မရဲရင်တောင်မှ ဒီမတရားတာကို မထောက်ခံကြပါနဲ့လို့ ပြောချင်ပါတယ်။