Home သတင်း လွတ်ရှမ်းရွာတွင် တစ်လဆန်အိတ် ၂ဝ သာ စစ်ကောင်စီ သယ်ယူခွင့်ပြုသဖြင့် ဆန်ရိက္ခာ အခက်အခဲရှိလာ

လွတ်ရှမ်းရွာတွင် တစ်လဆန်အိတ် ၂ဝ သာ စစ်ကောင်စီ သယ်ယူခွင့်ပြုသဖြင့် ဆန်ရိက္ခာ အခက်အခဲရှိလာ

882

နိုဝင်ဘာ ၂၈ရက်၊ ၂ဝ၂၂ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လွတ်ရှမ်းရွာရှိ ဒေသခံများအား တစ်လလျှင် ဆန်အိတ် ၂ဝ သာ စစ်ကောင်စီမှ သယ်ယူခွင့်ပြုတော့သည့်အတွက် ဆန်ရိက္ခာ မလုံလောက်သည့် အခက်အခဲရှိလာကြောင်း ရွာသားများထံမှ သိရသည်။

အိမ်ခြေ ၃ဝဝနီးပါးရှိသည့် လွတ်ရှမ်းကျေးရွာတွင် လူဦးရေ ၂ဝဝဝ ဝန်းကျင်ရှိပြီး ကျေးရွာအတွင်းရှိ အိမ်ဆိုင်များနှင့် ကားသမားများအား စစ်ကောင်စီစခန်းတာဝန်ရှိသူများက နိုဝင်ဘာလ ၁၆ ရက်နေ့ နောက်ပိုင်းတွင် ကျေးရွာအတွင်း တစ်လလျှင် ဆန်အိတ်ရေ ၂ဝသာ သယ်ယူခွင့်ပြုတော့သည်ဟု ဒေသ ခံရွာသားများက ပြောသည်။

“ဆန်ရောင်းဝယ်သူတွေ ကားသမားတွေကို တစ်လဆန်အိတ် ၂ဝ ပဲ သူတို့သယ်ခွင့်ပြုတော့တယ်။ ရွာက လူဦးရေများတော့ စားလို့မလောက်ဘူးပေါ့နော်။ ဆန်းများများလာသယ်ရင် တော်လှန်ရေးအဖွဲ့တွေကို သွားထောက်ပံ့မှာ သူတို့စိုးရိမ်တယ်လို့ ထင်တယ်။ ရွာမှာသူတို့လာနေပြီးနောက်ပိုင်းမှာ လုပ်ကိုင်စား သောက်ဖို့ မလွတ်လပ်တော့ဘူး။ သူတို့ကိုကြောက်နေရတယ်”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လွတ်ရှမ်းကျေးရွာတွင် ခြေကုပ်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း အမြှောက်လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့သလို စစ်သုံး ရဟတ်ယာဉ်ဖြင့်လည်း လာရောက် ဗုံးကြဲချသည့်အတွက် လူနေအိမ်များနှင့် ဥယျာဉ်ခြံများ ထိခိုက် ပျက်စီးခဲ့ပြီး ကောက်ရိပ်သိမ်းထားသည့် စပါးအများအပြားလည်း ချန်ထားရကာ ယနေ့အထိ စစ်ဘေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

“သူတို့စခန်းအနီးက နေအိမ်တွေဆိုရင် တံခါးတွေရိုက်ချိုးဖျက်ဝင်ပြီး ဆန်တွေ ယူသွားတယ်။ ဆိုလာ ပြားတွေ လူသုံးကုန်ပစ္စည်းတွေအပြင် အမျိုးသမီးအဝတ်အထည်၊ အသုံးအဆောင်တွေပါ အကုန်ယူသွား တယ်။ စီးပွားဖြစ် အိမ်မွေးတိရစ္ဆာန်တွေလည်း သတ်စားတယ်။ လယ်ထဲသွားတာ ညအချိန် ရာဘာသွားခြစ်တာ မီးအလင်းရောင်မြင်ရင် သေနတ်နဲ့လှမ်းပစ်လို့ ဘယ်သူမှ အလုပ်သွားမရဲတော့ဘူး” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လွတ်ရှမ်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ယခင်က KNU နယ်မြေလုံခြုံရေး စခန်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် ကျေးရွာ အတွင်း ဝင်ရောက်လာခဲ့ပြီးနောက် KNU စခန်းနေရာကိုပါ တပ်စွဲနေရာယူလိုက်ခြင်းဖြစ်သည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။