Home သတင်း စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်း ထိမှန်၍ ဝေါလေရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်ထောင်ထားသည့်မိုင်း ထိမှန်၍ ဝေါလေရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရ

1428
Photo: CJ

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဝေါလေကျေးရွာတွင် ယနေ့အောက်တိုဘာလ(၂၀)ရက်၊ နံနက်(၁၁) နာရီအချိန်ခန့်က ဒေသခံတစ်ဦး စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိမှန်၍ ဒဏ်ရာအများအပြားရရှိခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝေါလေကျေးရွာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၉ နှစ်အရွယ် ဦးကျော်သူဆိုသူသည် မီးသွေးဖုတ်ရန်သွားရာတွင် ကျေးရွာနှင့် ကိုက် (၁၀၀)အကွာအဝေး၌ စစ်ကောင်စီတပ်က ထောင်ထားသည့် တိုက်မိုင်းထိ၍ ကျောကုန်း၊ ပေါင်၊ ဦးခေါင်း၊ နားရွက်အပါအဝင် တစ်ကိုယ်လုံးနီးပါး ဒဏ်ရာရရှိခဲ့သည်ဟု (KNLA)တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက် (၁၁)နာရီကျော်လောက်မှာ ထိတာ။ အောင်မင်္ဂလာရပ်ကွက်မှာနေတာ။ နာမည်က ကျော်သူ အသက် ၃၉ နှစ်။ စစ်ကောင်စီဗျူဟာကုန်းနဲ့ ကိုက် ၃၀၀ အကွာအဝေးမှာ ရှိတယ်။ သူက မီးသွေးသွားဖုတ်မလို့ သွားတဲ့လမ်းမှာ ရွာနဲ့ကိုက် ၁၀၀ကျော်မှာ မိုင်းထိတာ။ အဲ့ဒီနေရာက အရင်က သူတို့သွားနေကျနေရာပဲ။ အဲ့ဒီဗုံးက တိုက်ဗုံးထိတာက ကျောကုန်း၊ အောက်ပိုင်းအကုန်လုံးထိတယ်။ ခေါင်းရော၊ နားရွက်ရော အချက်(၂၀)လောက်ရှိတယ်။ သူမသေတာက တိုက်ဗုံးနေရာနဲ့ နည်းနည်းဝေးသွားလို့မသေတာ။”ဟုပြောသည်။

အဆိုပါ ဗုံးထိမှန်သူ ဦးကျော်သူသည် လက်ရှိ ဝေါလေကျေးရွာ ပြည်သူ့ဆေးခန်းတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရှိရသည်။

ယခုနှစ် မတ်လ (၂၁)ရက်နေ့တွင် မောခီးအခြေစိုက် စစ်ကောင်စီစစ်တပ် ခြေမြန်တပ်ရင်း ခမရ(၅၅၅)စစ်ကြောင်း (၂)စစ်ကြောင်းမှူး ဗိုလ်မှူးစန်းယုအား (KNLA)တပ်ဖွဲ့များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအနီးဝန်းကျင်များတွင် ယခုလို မိုင်းများထောင်ထားခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်း KNLA တာဝန်ရှိသူက ဆက်ပြောသည်။

“(KNLA)ကလည်း စစ်တပ်ရှိတဲ့ရွာတွေကို မသွားဖို့ ရွာသားတွေကို မှာထားတယ်။ မိုင်းထောင်ရင် ရွာသားတွေကို အသိပေးသင့်တယ်လေ။ စစ်တပ်က အရင်တုန်းက ဒီလိုမျိုးမိုင်းထောင်တာမရှိဘူး။ မော်ခီးစခန်းတက်သိမ်းတော့ အဲ့ဒီမှာ ဗိုလ်စန်းယု ဖမ်းမိပြီးတာနဲ့ မကြာဘူး မိုင်းတွေထောင်တာ”ဟု KNLA တာဝန်ရှိသူက ပြောသည်

စစ်ရေးတင်းမာမှုရှိနေသည့် ဝေါ်လေဒေသတွင် စစ်ကောင်စီတပ်အပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကော်သူးလေတပ်မတော်-KTLAနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့တို့ လှုပ်ရှားလျက်ရှိသည်။