အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ် -မြ၀တီ အာရှလမ်းသစ်တွင် စစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် ခရီးသွားများအနေဖြင့် ကော့ကရိတ်-ကျုံဒိုး-လမ်းပိုင်း တစ်လျှောက်ရှိ ထမင်းဆိုင်၊ စျေးဆိုင်များတွင် ညအိပ်ပြီး စောင့်ဆိုင်းနေကြရကြောင်း သိရှိရသည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမသစ် တောနော်တံတားကွေ့နေရာ တောင်ကြောတွင် အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ပြောက်ကျားတိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ကားလမ်းတစ်လျှောက် ခရီးသွားကားများ၊ ကုန်တင်ကားများ ပိတ်မိပြီး သွားလာရေးအားလုံး ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ခရီးသည်များက ပြောသည်။
“အခုကားတွေ ပိတ်နေတာ ကျုံဒိုးအထိပဲ ကုန်ကား၊ အမြန်ယာဉ်လိုင်းကား၊ အိမ်စီးကားတွေလမ်းပိတ်နေတာ၊ လူတွေက ထမင်းဆိုင်တွေ၊ လမ်းဘေးရော်ဘာခြံတွေ၊ စျေးဆိုင်တွေထဲ ၀င်နေရတယ်။ နေကပူတော့ ကားတွေထဲ မနေနိုင်ကြဘူး။ ညကလည်း ထမင်းဆိုင်မှာ ကတ်ထူစက္ကူတွေ ခင်းပြီးအိပ်ကြရတယ်။ ဒီညပါဆက်အိပ်ရ မယ်ဆိုရင်တော့ အခြေအနေက မလွယ်ဘူး ”ဟု ရန်ကုန်မှ မြ၀တီသို့ ပြန်လာသည့် ဒေသခံက ပြောသည်။
ယနေ့ ညနေပိုင်းအချိန်အထိ အာရှလမ်းမဘက်သို့ ကော့ကရိတ်အခြေစိုက် ၉၇ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်စစ်ကူပေးနေပြီး တောနော်၊ တတန်ကူးချောင်းရိုး တစ်လျှောက်နှင့် ဒေါနတောင်ကြောပေါ်တွင် စစ်ကောင်စီတပ်စခန်း၊ နယ်ခြားစောင့်တပ်-BGF တပ်စခန်းများနှင့် KNLA ပူးပေါင်းတပ်များ မြေပြင်တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။

မြ၀တီမြို့ဘက် သင်္ဃန်းညီနောင်၊ ကုန်သွယ်ရေးဇုန်၊ ရွာသစ်ကုန်း လမ်းမပေါ်တွင်လည်း ရန်ကုန်ဘက် အဆင်းကားများ အာရှလမ်းပိတ်ထားသဖြင့် စောင့်ဆိုင်းနေကြရသည်မှာ ၂ ရက်ရှိပြီးဖြစ်ကြောင်းဒေသခံ ကားသမားများက ပြောသည်။
မြ၀တီမှ ဖားအံသို့ ကုန်ကားဆင်းမည့် ကားသမားတစ်ဦးက “ကားကြီးတွေ၊ ကုန်တွေက တော်သေးတယ်၊ လူနာပို့ ဆေးရုံကားတွေ၊ အသား၊ ငါး၊ အသီးအနှံကားတွေတော့ ဒုက္ခရောက်ကုန်ပြီ၊ လမ်းပေါ်မှာ ကားတွေပိတ်မိနေတော့ နောက်လည်းဆုတ်လို့မရ၊ ရှေ့လည်း တိုက်ပွဲဖြစ်နေတော့ ဆက်သွားလို့က ပေးမသွားလမ်းပိတ်ထားတယ်၊ တိုးပြီး မောင်းလာရင် ပစ်ခံထိမယ်ဆိုတော့ ကားတွေထားထားပြီး လူတွေက လမ်းဘေးရေမြောင်းထဲ နေနေကြရ တယ်”ဟု ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲကြောင့် အာရှလမ်းသစ် ပြန်လည်သွားလာ၍ ရမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည့် အခြေအနေမှာ ကော့ကရိတ်၊ ကိုးတိုင်၊ ကျုံဒိုးလမ်းမဘေး ထမင်းဆိုင်၊ စျေးဆိုင်နှင့် ရော်ဘာခြံများအတွင်း ယာယီခိုလှုံနေရသည့် ခရီးသွားလူထောင်ချီ အခက်အခဲ ဖြစ်နေဆဲဖြစ်ကြောင်း၊ ဆက်လက်တိုက်ပွဲဖြစ်နေပါက ညအိပ်ယာယီ နားခိုစရာအခက်အခဲဖြစ်မည်ကို ခရီးသွားအနေဖြင့် စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။



















