Home သတင်း KNU တပ်မဟာ (၅) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်ကျဆုံးမှုများပြား

KNU တပ်မဟာ (၅) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်ကျဆုံးမှုများပြား

1689
Photo: CJ

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ အမှတ်(၅) တပ်မဟာနယ်မြေအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ တစ်လအ တွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)နှင့် နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း အကြိမ်ရေ တစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့် အပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း KNU ၏ တိုက်ပွဲလချုပ်စာရင်းအရ သိရသည်။

စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်နေ့အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉၂ ဦး သေဆုံးကာ ၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ KNU ဘက်တွင်မူ ၁ ဦးကျဆုံးကာ ၁၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ တိုက်ပွဲလချုပ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးနှစ်ဦးအပြင် တပ်ခွဲမှူး ၂ဦး နှင့် ဒုဗိုလ်တစ်ဦးပါဝင်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းသယ်ဆောင်သည့် မော်တော်ယာဉ် ၄ စီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီအသုံးပြုသည့် တံတား ၃ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ဒေသကျေးရွာများတွင်လည်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များက ကျေးရွာများကို ပစ်မှတ်ထား၍ လက်နက်ကြီးကျည် ၄၁ လုံး ကျေးရွာနှင့် စိုက်ပျိုးမြေနေရာများကို ပစ်ချခဲ့ပြီး လေယာဉ်ဖြင့်လည်း လက်နက်ကြီး ၅ လုံး လာရောက်ပစ်ခတ်ခဲ့သေးကြောင်းနှင့် ထိုလက်နက်ကြီး ပစ်ခတ်မှု ကြောင့် လူနေအိမ်တစ်လုံး ပျက်စီးသွားသလို တလာအောခို့ ကျေးရွားသား စောဖိုးငိုဆိုသူကိုလည်း စစ်တပ်နှင့် BGF ဘက်မှ ပစ်သတ်ခဲ့သေးကြောင်း KNU က ဆိုသည်။

ဆက်လက်ပြီး ဘူးသို့မြို့နယ်၊ ဝါးဒူလမ်းမဘေးလုံခြုံရေးရယူနေသည့် BGF တပ်ရင်း (၁၀၁၄) တပ်ဖွဲ့ဝင်များ အ နေဖြင့် ၎င်းဒေသရှိ ကျေးရွာသားများကို သစ်အချောင်းရေ တစ်ထောင်အတင်းအဓမ္မ ခုတ်ခိုင်းခဲ့သလို ထိုသို့ မခုတ်ပေးသည့် ကျေးရွားသားများကို သွားလာခွင့်မပေးဘဲ လုပ်ကိုင်စားသောက်ခွင့်လည်း ပိတ်ပင်သွားမည်ဖြစ် ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု နယ်မြေခံသတင်းအရင်းအမြစ်များကို ကိုးကားပြီး KNU ဘက်က ထုတ်ပြန် ထားသည်။

လက်ရှိ တပ်မဟာ(၅) နယ်မြေတွင် ကမမောင်း၊ ကတိုင်တိ၊ မယ်ဝေစသည့် ဒေသများတွင် နှစ်ဖက်ထိတွေ့မှု အများဆုံးဖြစ်ပွားနေပြီး ၎င်းဒေသတွင် စစ်ကောင်စီဘက်မှ ခြေလျင်တပ်ရင်း(ခလရ-၁၉)၊ ခြေမြန်တပ်ရင်း (ခမရ-၃၄၁)၊(ခမရ-၄၃၄)၊ (ခမရ-၄၀၇)တပ်ရင်းများအပြင် BGF ဘက်မှ ဗိုလ်မောင်လှကြိုင် ဦးစီးသည့် (၁၀၁၃) တပ်ရင်းနှင့် အခြား (၁၀၁၄) တပ်ရင်းမှ တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းလှုပ်ရှားနေကြကြောင်း နယ်မြေခံ သတင်းများအရ သိရသည်။