Home သတင်း ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် (KNLA)တပ်ဖွဲ့တို့ ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် (KNLA)တပ်ဖွဲ့တို့ ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့

771
Photo: CJ

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် အောက်တိုဘာလ(၄)ရက် နံနက် (၁၀)နာရီနှင့် နေ့လည် (၁၂)နာရီအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့တို့အကြား ထိတွေ့ ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းပေါ်သို့ အင်အင်းဖြည့်တင်းရန် တက်လာသည့် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ-၃၂)၊ (ခလရ-၂၈၄)၊ (ခလရ-၂၈၃) နှင့် (KNLA) တပ်ရင်း (၁၇)တို့အကြား သူးလေကုန်းကျေးရွာအပြင်ဘက်ခြမ်း၌ ထိတွေ့ပစ်ခတ်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“မနက်ပစ်ခတ်မှုဖြစ်တာက (၂)ကြိမ်ရှိပြီးပေါ့နော်။ ၁၀ နာရီခွဲကနေ ၁၁ နာရီတစ်ကြိမ် နောက် ၁၂ ကျော်မှာ တစ်ကြိမ် ပစ်ခတ်မှုဖြစ်တယ်။ သူတို့ ကြာအင်းကနေ သူးလေကုန်းရွာမှာ မနက်တုန်းက တစ်ခေါက်ဖြစ်တယ်။ နောက်ပြီးတော့ ဒီ ၁၂ နာရီမှာ အဲ့ဒီရွာအပြင်မှာပဲ ပစ်ခတ်မှုပြန်ဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တဲ့စစ်တပ်တပ်ရင်းတွေက (၃၂)၊ (၂၈၄)၊ (၂၈၃)တပ်ဖွဲ့ နဲ့ပစ်ကြတာ။ ထိခိုက်တာတွေတော့မသိရသေးဘူး။”ဟုပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်၏ လက်နက်ကြီးကုန်းမှ ကြခတ်ချောင်းကျေးရွာသို့ လက်နက်ကြီး (၁၀)လုံးခန့် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ တပ်အင် အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်ကြောင်းလည်း တော်လှန်ရေး အင်အားစုများဘက်က ပြောဆိုထားသည်။