Home သတင်း ၂၀၂၂ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အဆိုပြုလွှာလျှောက်ထားနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်

၂၀၂၂ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် အဆိုပြုလွှာလျှောက်ထားနိုင်ပြီဟု ဖန်းဖောင်ဒေးရှင်းထုတ်ပြန်

948

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ယခု ၂၀၂၂ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို အဆိုပြုအမည်စာရင်း စတင် ‌ပေးသွင်းနိုင် ပြီဖြစ်‌ကြောင်း ယမန်‌နေ့ ‌အောက်တိုဘာလ ၂၀ ရက်‌နေ့တွင် ဖန်း‌ဖောင်‌ဒေးရှင်း (Phan foundation) က ထုတ်ပြန်‌ ကြေညာလိုက်သည်။

အဆိုပါ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့‌ရေး နှင့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ ဆောင်ရွက်‌နေသည့် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခု လည်းဖြစ်သည်။

“ဒီခေါင်းဆောင်ဆုကနေ ဖန်းဖောင်ဒေးရှင်းအနေနဲ့ ကရင်လူငယ်ခေါင်းဆောင်များစွာကို ဖောင်ဒေးရှင်း စတည်ထောင်တဲ့ ၂၀၀၈ ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်တွေ အထောက်အကူများစွာကို ပေးလာနိုင်ခဲ့တယ်။ ကျမတို့ အဖေဖြစ်တဲ့ ပဒို မန်းရှာလားဖန်းကို ဂုဏ်ပြုရည်ရွယ်ထားပြီးတော့ တစ်ချိန်ထဲမှာပဲ ကျမတို့ရဲ့ ကရင်ပြည်သူတွေအတွက် ပိုပြီးတော့မှ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ကူညီယူဆောင်ပေး လာနိုင်တဲ့ကွန်မြူနတီထဲက ခေါင်းဆောင်တွေကို လက်တွေ့ပံ့ပိုးပေးပေးခြင်းဖြစ်ပါတယ်” ဟု ဖောင်ဒေးရှင်း၏ ဒါရိုက်တာဖြစ်သူ နန့်ဇိုယာဖန်းက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ဆက်လက်ပြီး နန့်ဇိုယာဖန်းက “နှစ်တိုင်းမှာ ကရင်လူငယ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်း အတွက်အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေကြတာ သူတို့ရဲ့ပြည်သူတွေက ဆင်းရဲတွင်းကနေ လွန်မြောက်ဖို့ သူတို့ရဲ့ အသံတွေကို ကြားနိုင်အောင် သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်အောင် ကော်သူးလေအပြင် ထိုင်းနယ်စပ်ကနေ မြန်မာပြည်တစ်ဝှမ်းနဲ့ ကမ္ဘာတစ်လွှားမှာ ကြိုးစားလုပ်ဆောင်နေကြတဲ့အပေါ်မှာ ကျမတို့ကို နိုးကြားမှုဖြစ်စေပါတယ် ”ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ပြောဆိုထားသည်။

ထိုဆုအတွက် မိမိတို့လုပ်‌ဆောင်နိုင်ခဲ့သည့် ‌အောင်မြင်မှုရလဒ်များကို အဓိကထားကာ အသက် ၃၅ နှစ်‌အောက် မည်သည့်‌နေရာတွင် ‌နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆို‌လျှောက်ထားနိုင်သလို အဖွဲ့အစည်းများ အ‌နေဖြင့်လည်း ဆုအတွက် မိမိတို့၏ အဖွဲ့ဝင်များကို ‌ထောက်ခံအဆိုပြုနိုင်သည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆု ၂၀၂၂ ခုနှစ်အတွက် ‌ရွေးချယ်ခံရပါကဆုအတွက် အ‌မေရိကန် ‌ဒေါ်လာ ၄၀၀ဝ ချီးမြှင့်သွားမည်ဖြစ်သည်ဟု Phan Foundation က ထုတ်ပြန်ထားပြီး အဆိုပြု‌ လျှောက်လွှာများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်‌နေ့တွင် ‌နောက်ဆုံးထားကာ လက်ခံသွားမည်ဟု သိရသည်။

ထို့အပြင် ‌လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် bwabwa.phan@phanfoundation.org တွင် ‌ပေးပို့ ‌လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ် အ‌စောပိုင်းတွင် ယင်းဆုအတွက် ‌ရွေးချယ်ခံရသူကို ထုတ်ပြန်‌ကြေညာသွား မည်ဟုလည်း Phan Foundation က ထုတ်ပြန်ထားသည်။

ကွယ်လွန်သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ဇနီးနန့်ကျင်‌ရွှေတို့အား ရည်စူး၍ ကျန်ရစ်သူသားသမီးများမှ အဆိုပါ‌ဖောင်‌ဒေးရှင်းကို တည် ‌ထောင်ပြီး နယ်ပယ်အသီးသီးတွင် စွမ်း‌ဆောင်နိုင်ခဲ့သည့် ကရင်လူငယ်များကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်‌ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန် ခရိုင်မှ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa-An Youth Network မှ စရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာ‌ပေဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဦး‌ဆောင်လုပ် ကိုင်‌နေသူ စခန့်သူလှိုင်ဝင်းတို့ကို အသီးသီး‌ပေးအပ်ခဲ့သည်။

၎င်းအပြင် ဆယ်နှစ်ပြည့် ၂၀၁၇ ခုနှစ်အတွက် အဆိုပါ လူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေး လုပ်ငန်းလုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)မှ ‌စောအဲသိုနှင့် အမျိုးသမီးအခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲ တို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့သည်။

ထို့အတူ ၂၀၁၈ခုနှစ်အတွက်ကို မြန်မာနိုင်ငံအပါအဝင် အ‌ရှေ့အလယ်ပိုင်း ‌ဒေသတို့တွင် စစ်‌ဘေးဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာ‌ရေးဆိုင်ရာ ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူ Free Burma Ranger (FBR) ‌ဆေးမှူး ‌စောဂျိုးဇက်နှင့် ၂၀၁၉ ခုနှစ်ဆုကို ပညာ‌ရေးဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လှုပ်ရှား နေသူ ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD)မှ ‌စောဆာ‌နေ‌သော နှင့် ၂၀၂၀ခုနှစ်ဆုကို ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက်လူမှု‌ရေး တက်ကြွလှုပ်ရှား‌ဆောင်ရွက်သူ‌နေသူ ‌စောမင်းခလိန်းတို့ အသီးသီး‌ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ်အတွက်ကိုမူ နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်းများရှိ ပြည်သူလူထုများ သန့်ရှင်းသောရေရရှိရေး စွမ်းဆောင်ပေးသူ စောသေးဂေမှုအား နောက်ဆုံး ပေးအပ်ခဲ့ပြီး လက်ရှိအချိန်ထိ ကရင်လူငယ်ခေါင်းဆောင် ၁၄ ဦးအား ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ပေးအပ်ခဲ့ပြီးဖြစ်သည်။