Home သတင်း ထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းကြောင့် အကျဉ်းသားမိသားစုဝင်များစိုးရိမ်မှုများရှိနေ

ထောင်ဝင်စာပို့ခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းကြောင့် အကျဉ်းသားမိသားစုဝင်များစိုးရိမ်မှုများရှိနေ

901

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်၊ စစ်ကောင်စီမှ အကျဥ်းထောင်များတွင် ထောင်ဝင်စာနှင့် ထောင်တွင်း ပါဆယ်ပို့ ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သောကြောင့် အကျဉ်းသားမိသားစုဝင်များအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း မိသားစုဝင်များက ပြောသည်။

ထားဝယ်မြို့ရှိ အကျဉ်းထောင်ကို ပြီးခဲ့သည့် အောက်တိုဘာ လ ၁၉ ရက်နေ့က ရက်အကန့်အသတ်မရှိ အကြောင်းမဲ့ပိတ်လိုက်ခြင်းဖြစ်ပြီး ထောင်တွင်းရှိနေသောအကျဉ်းသားများအတွက် စိုးရိမ်ပူပန်မိကြောင်း နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ယခုလိုပြောသည်။

“အခုလိုပိတ်လိုက်တဲ့အတွက် စကစက နှိပ်စက်မှာကို ကြောက်တယ်။ အရင်ကလည်း ထောင်ထဲမှာက အကျဉ်း သားကို ရိုက်နှက်တာတွေရှိတယ် အဲ့ဒါကြောင့်။ ပြီးတော့ အထဲကပြောလာတာတော့ ပဲဟင်းရည်က စားလို့ တောင်မရဘူးတဲ့။ အထဲမှာက အကုန်စျေးကြီးတယ်လေ။ အစ်မတို့က မတတ်နိုင်ဘူး။ တစ်ခုခုဖြစ်သွား မှာကို စိုးရိမ်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခင်ကာလများတွင် ရောဂါကြောင့် ထောင်ဝင်စာတွေ့ခွင့်များကို ၂နှစ်ခန့် ပိတ်ထားခဲ့သလို လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကာလတွင်လည်း တစ်နှစ်ခန့် ပိတ်ပင်ခဲ့ဖူးသော်လည်း ပါဆယ်ပို့ခွင့်ရှိသောကြောင့် မစိုးရိမ် ရဘဲ လက်ရှိအခြေအနေအရ စိုးရိမ်မှုကို ဖြစ်စေခြင်းဖြစ်ကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း ထောင်ဝင်စာတွေ့သည့် အဆောက်အဦးတွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၅ ဦးခန့် ထိခိုက် သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ယခုလိုအကျဉ်းထောင်များကို ထောင်ဝင်စာတွေ့ခွင့်များ၊ ပါဆယ်ပစ္စည်း ပို့ဆောင်ခွင့်များကို ပိတ်လိုက်ရခြင်းဖြစ်ကြောင်း အကျဉ်းထောင်များနှင့် နီးစပ်သူများက ပြောသည်။

အလားတူ ကရင်ပြည်နယ် ဖားအံမြို့ရှိအကျဉ်းထောင်များတွင်လည်း ထောင်ဝင်စာ ပို့၍ မရတော့ကြောင်း မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“သူတို့ပြောတာကတော့ ဘာပစ္စည်းမှပို့လို့မရတေ့ာဘူးတဲ့၊ ရေသန့်ဘူး တောင်ပို့မရတော့ဘူး။ စိတ်ပူတာပေါ့ အထဲက ကလေးတွေကို သူတို့တစ်ခုခု လုပ်လိုက်မှာကို။ ပြီးတော့ ပိတ်တာကလည်း ရက်အကန့်အသတ် မရှိဆိုတော့” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီက ထားဝယ်မြို့ရှိ အကျဉ်းထောင်ကို ရက်အကန့်အသတ် မရှိပိတ်လိုက်သည့် အခြားဒေသ များရှိ အကျဉ်းထောင် တော်တော်များများကိုလည်း အင်းစိန်ထောင်ပေါက်ကွဲမှုနှင့် ဆက်စပ် ပြီး ထောင်ဝင်စာပို့ခွင့်များကို ပိတ်ထားကြောင်းသိရသည်။