Home သတင်း တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် ပိတ်မိသည့်ကားများ ဖြတ်သန်းသွား လာ၍ မရသေး

တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ် ပိတ်မိသည့်ကားများ ဖြတ်သန်းသွား လာ၍ မရသေး

2084
Photo: CJ

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီနှင့် ကော့ကရိတ်ကို ဆက်သွယ်ထားသော အာရှလမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ(၁၉)ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေသည့်ကားများမှာ ယခုအချိန်ထိ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ယာဉ်မောင်းများက ပြောသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်းမပေါ်တွင် ယမန်နေ့ ညနေ(၃) နာရီအချိန်တွင် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲ ပြင်းထန်သောကြောင့် မြဝတီမြို့ဘက် သင်္ဃန်းညီနောင်အဝင်နှင့် ကော့ကရိတ်မြို့အဝင်ဘက်တွင် ခရီးသွားကားများနှင့် ကုန်တင်ကားကြီးများ ပိတ်မိနေခြင်းဖြစ်သည်။

ယာဉ်မောင်းတစ်ဦးက “လမ်းက ပြန်မဖွင့်သေးဘူး၊ ဘယ်နှစ်ရက်ကြာမလဲ မသိဘူးလေ။ မနေ့က ပိတ်မိတဲ့ကားတွေက တစ်ပုံကြီးပဲ။ ဒီနေ့ကားတက်ဖို့တောင် သွားလာဖို့က အဆင်မပြေဘူးလေ။ ခရီးသည်ကားရော ကုန်တင်ကားတွေရော ခုထိ အဲ့ဒီနေရာမှာပဲ ပိတ်ထားတယ်။ အဆင်းလည်းပိတ်ထားတယ်။ အတက်လည်းပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲက ခုထိဖြစ်နေတုန်းပဲလေ။ အဆင်းအတက်လုပ်ဖို့ မလွယ်ဘူးလေ။ အခုကားလမ်ပိတ်မှာက ၃ ရက်လောက်ပိတ်မယ်လို့ သတင်းကြားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးပေါ်တွင် ယနေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရသေးပေ။

“တောနော်ရေတံခွန်နားမှာ တောက်လျှောက်ပဲ ပစ်နေတာ။ သင်္ဃန်းညီနောင်ထိပ်ကနေ ကော့ကရိတ်အဝင်ဘက်မှာ ပိတ်ထားတာ။ တိုက်ပွဲက အခုထိဖြစ်နေတယ်။ ကားတွေကလည်း ပိတ်မိနေတာလေ။ ကုန်ကားတွေရော လိုင်းကားတွေရော အကုန်ပိတ်မိနေတာ”ဟု အခြားယာဉ်မောင်းတစ်ဦးကလည်း ပြောသည်။

ပြီးခဲသည့် သြဂုတ်လ (၁၈)ရက်နေ့တွင်လည်း အဆိုပါ အာရှလမ်းမပေါ်တွင် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် အာရှလမ်းမကို ပိတ်ထားရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သေးသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့စသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။