Home သတင်း ဝင်းရော်ဒေသရှိ တောတောင်၊ လှိုဏ်ဂူများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ဝဝ ကျော် စားစရာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

ဝင်းရော်ဒေသရှိ တောတောင်၊ လှိုဏ်ဂူများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ဝဝ ကျော် စားစရာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ

1204

အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ဥယျာဉ်ခြံများနှင့် တောတောင်လှိုဏ်ဂူများတွင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ဒေသခံ ဦးရေ ၅ဝဝ ကျော်သည် လက်ရှိတွင် စားစရာပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်ဒေသခံများထံမှ သိရသည်။

တောင်စွန်း၊ ခုံခံ၊ ဆင်ပြေး၊ ဖော့ဖာသော်၊ ရော်ကတော့၊ အောက်စခန်း၊ မက္ကသာရွာနှင့် ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းမဘေးရှိ ကျေးရွာအများစုမှာ စစ်ကောင်စီမှ ဘာသာရေးအဆောက်အဦးနှင့် လူနေကျေး ရွာအတွင်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် ၎င်းတို့အခြေစိုက်စခန်းမှလည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးလှမ်းပစ်ခတ်မှုများ ပြုလုပ်သည့်အတွက် လူနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံအရပ်သား အများအပြားလည်း ရက်ရှည်စစ်ဘေးရှောင်ခဲ့ကြရခြင်းဖြစ်သည်။

တောင်စွန်းရွာသူ နောင်ဖော့အချိုက “ရွာထဲကို လက်နက်ကြီးလှမ်းပစ်တော့ ရွာသားတွေ တောတောင်ဂူတွေမှာ ပုန်းရှောင်နေရတယ်ပေါ့နော်။ လေယာဉ်လည်း ကြောက်ရတယ်။ အခုရက်ကြာ လာတာနဲ့ ဆန်ဆီလည်း ပြတ်လပ်နေပြီး။ ဒီလိုပဲဝေမျှစားနေရတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုးတွေ လည်းပါတော့ အတော်ခက်ခဲတယ်။ အချို့သူတွေဆို စားဖို့ဆန်တောင်မရှိတော့ဘူး” ဟု ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင် မက္ကသာရွာ စာသင်ကျောင်းအနီးဝန်းကျင်နှင့် ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ရဟန်းသံဃာများနှင့် ဌာနေဒေသခံလူထု အများအပြားမှာ နီးစပ်ရာ ကျေးရွာများနှင့် တောတောင်ဥယျာဉ်ခြံများတွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ ပြန်လည်အခြေချနိုင်ခြင်းမရှိသေးဟု ရွာသားများထံမှ သိရသည်။

“ ရွာ သုံး၊ လေးရွာက ဒေသခံတွေ အကုန်စစ်ရှောင်ရတယ်။ ရွာထဲမှာ နည်းနည်းပဲကျန်တော့တယ်။ အခြားရွာတွေနဲ့ တောင်တောင်ဂူထဲမှာ ပုန်းရှောင်နေကြရတယ်။ စာသောက်ရေးခက်ခဲတာပေါ့နော်။ အဝတ်အစား တစ်ကိုယ်စာပဲ ယူသွားနိုင်တယ်လေ။ ဆန်တွေမယူသွားနိုင်ကြဘူး။ ဒီညနေလည်း ဆန်တွေသွားပို့ ပေးရအုံးမယ်။ ဘယ်သူမှလာကူတာတော့ မရှိသေးဘူး။ တစ်လလောက်ကျော်လာပြီးဆိုတော့ အကုန်ခက်ခဲကြတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

အဆိုပါ ဝင်းရော်ဒေသတွင် အခြေစိုက်ထားသည့် စစ်ကောင်စီစခန်းများသည် ကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် မကြာခဏ လှမ်းပစ်ခတ်မှုပြုလုပ်ခြင်းအပြင် လေကြောင်း တိုက်ခိုက်မှုများပါ လုပ်ဆောင်လာသည့်အတွက် စစ်တပ်စခန်းနှင့် နီးသည့် ဒေသအများအပြား ထွက်ပြေးတိမ်းရှောင်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။