Home သတင်း မြဝတီ−ကော့ကရိတ်အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား၍ ကားများ ပိတ်မိနေ

မြဝတီ−ကော့ကရိတ်အာရှလမ်းမပေါ် တိုက်ပွဲဖြစ်ပွား၍ ကားများ ပိတ်မိနေ

1349
Photo: CJ

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ညနေ(၃)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသောကြောင့် ခရီးသွားကားများ ပိတ်မိလျက်ရှိနေသည်ဟု ယာဉ်မောင်းများက ပြောသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးတွင် စစ်ကောင်စီ တပ်များနှင့် KNLA ပူပေါင်းတပ်ဖွဲ့များ ယနေ့ညနေအထိ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ကုန်တင်ကားများ၊ ခရီးသယ်ယာဉ်များ စသည့် ကားများသည် သင်္ဃန်းညီနောင်အဝင်နှင့် ကော့ကရိတ်မြို့အဝင်ဘက်တွင် ကားများပိတ်မိနေခြင်းဖြစ်သည်ဟု ယာဉ်မောင်းများက ပြောသည်။

“မနေ့ညနေ (၃)နာရီကတည်းက စပိတ်လိုက်တာ။ ဦးတို့ပြန်ဆင်းလာတာတောင် ကျုံဒိုးကျော်ကျော်ပဲ ရောက်သေးတယ်။ တောနော်ရေတံခွန်နားမှာ တောက်လျှောက်ပဲ ပစ်နေတာ။ သင်္ဃန်းညီနောင်ထိပ်ကနေ ကော့ကရိတ်အဝင်ဘက်မှာ ပိတ်ထားတာ။ တိုက်ပွဲက အခုထိဖြစ်နေတယ်။ ကားတွေကလည်း ပိတ်မိနေတာလေ။ ကုန်ကားတွေရော လိုင်းကားတွေရော အကုန်ပိတ်မိနေတာ”ဟု ပြောသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသည့် တောနော် ရေတံခွန်အနီး တိုက်ပွဲတွင်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရသေးပေ။

ပြီးခဲသည့် သြဂုတ်လ (၁၈)ရက်နေ့တွင်လည်း အဆိုပါ အာရှလမ်းမပေါ်တွင် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် အာရှလမ်းကို ပိတ်ထားရသည့် အခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သေးသည်။

နောက်ဆုံးရရှိသည့် သတင်းအရ တိုက်ပွဲဖြစ်ပွားရာ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးရှိ တံတားမှာ လက်ရှိတွင်ကျိုးကျသွားပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။