အောက်တိုဘာ ၁၉ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ ရှိနေသော်လည်း မဟာဘုံ ကထိန်ပွဲများကို စည်ကားစွာကျင်းပသွားရန် နယ်မြေခံ စစ်ကောင်စီတာဝန်ရှိသူများက စီစဉ်ညွှန်ကြားနေကြောင်း မြို့ခံလူထုများထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်ဆယ်ခုတွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၃၂ဦးထိရှိနေပြီး ၎င်းတို့ထဲမှ ၂၄ ဦးသည် ထားဝယ်မြို့တွင် ဖြစ်ကြောင်းကို ပြည်တွင်းသတင်းမီဒီယာများမှ ဖော်ပြနေချိန် စစ်ကောင်စီတာဝန်ရှိသူများမှ ယခုလို ဘာသာရေးပွဲတော်များ ဆက်တိုက်ပြုလုပ်ရန် ပြင်ဆင်နေမှု အပေါ် သဘောမကျကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“မြို့ထဲမှာ ကိုဗစ်က တစ်ယောက်ပြီးတစ်ယောက်ဖြစ်နေတာလေ၊ ဒါကို ဘုံကထိန်လုပ်မယ်ဆိုတော့ ဘာသာရေးကို ခုတုံးလုပ်တာ။ အဲ့ဒီပွဲကိုဘယ်နေ့မှာ လုပ်မလဲတော့မသိသေးဘူး။ လုပ်လည်း မသွား ပါဘူး။ အပြင်တစ်ခါ ထွက်ရင်သူတို့ကအကြောင်းအမျိုးမျိုးပြပြီး ဖမ်းနေတာ။ ပြီးခဲ့တဲ့သဘိတ် မျှောပွဲ တုန်းကလည်း မသွားခဲ့ဘူး။ သူတို့လုပ်တာ မှန်သမျှ ဘာတစ်ခုမှမကောင်းဘူး ‘’ဟု ကေအိုင်စီ သို့ ပြော သည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ(၁၆) ရက်နေ့က (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံက ထိန်ပွဲ ဖြစ်မြောက်ရေး လုပ်ငန်းအစည်းအဝေးပွဲကို စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်ခေါ် ယူခဲ့ပြီး ဘုံကထိန်ပွဲတော်ကျင်းပရန် စီစဉ်ညွှန်ကြားခဲ့သည်ဟု မြို့ခံများက ပြောဆိုကြသည်။
ထားဝယ်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်များအနေဖြင့်လည်း သဘိတ်မျှောပွဲ တုန်းက ပြည်သူများကို မသွားကြရန် မေတ္တာရပ်ခံချက်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက် နေ့တွင် ထုတ်ပြန်ချက် စာစောင်ကို ထုတ်ပြန်ခဲ့ထားသေးသည်။
“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ဖို့တော့ မရှိပါဘူး။ လောင်လုံး ပကဖ နဲ့ DDTခွဲ3 ကတော့ ထုတ်ပြန်ထားပါတယ်၊ ဘာသာရေးအခမ်းအနားဆိုတော့ ပြောပြန်ရင်လည်း သိတဲ့အတိုင်းပါပဲ။ ဘုံက ထိန်ဆိုတာထက် တန်ဆောင်တိုင်ပွဲတော်ကို မကျင်းပဖို့ ထုတ်ပြန်ရပါလိမ့်မယ်။ ထား၀ယ်မြို့ပေါ် က ပြည်သူတွေ အသိတရားရှိကြဖို့ မျှော်လင့်ပါတယ်။ တော်လှန်ရေးမှာ မပါ၀င်ချင်ရင်နေပါ ၊ မနှောင့်ယှက်ဖို့တော့ တောင်းပန်စာထုတ်ရမလိုဖြစ်နေပါပြီ” ဟု ထားဝယ်(ပကဖ) မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့တဲ့အောက်တိုဘာလ (၉)ရက်နေ့ကလည်း ထားဝယ်မြို့နယ်အတွင်း ပြုလုပ်သည့် ထားဝယ်ရိုး ရာသဘိတ်မျှောပွဲတော်ကို စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးမြတ်ကိုကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့သော်လည်း တက်ရောက်သူ မရှိသလောက်နည်းပါးခဲ့ကြောင်း သိရသည်။



















