Home သတင်း မြဝတီတောင်ပေါ်လမ်း ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၀ ဦးအထိရှိလာ

မြဝတီတောင်ပေါ်လမ်း ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်မှုတွင် သေဆုံးသူ ၁၀ ဦးအထိရှိလာ

1357
Photo: CJ

အောက်တိုဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီတောင်ပေါ် အာရှလမ်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် မော်လမြိုင်မှ ပွင့်နေခြည်လူငယ်ဇာတ်သဘင်ကားတိမ်းမှောက်မှုတွင် ပွဲချင်းပြီး ၅ ဦးသေဆုံးပြီးနောက် ယနေ့နံနက်တွင် ဆေးရုံ၌ နောက်ထပ် ၅ ဦး ထပ်မံသေဆုံးသည့်အတွက် သေဆုံးသူ အားလုံးပေါင်း (၁၀)ဦး အထိရှိလာသည်ဟု မြ၀တီမြို့ကူညီကယ်ဆယ်ရေးအသင်းက ပြောသည်။

မြဝတီတောင်ပေါ်လမ်း၏ ဒေသအခေါ် ကွမ်းခြံကုန်းလမ်းပိုင်း အဆင်းကွေ့နေရာတွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်ကျော်ခန့်က ယာဉ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာမှ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူသေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု အလင်းသစ် Rescue Myawaddy အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်၊၊

၎င်းက ” အခုလူနာ ၇ ယောက်ကို မော်လမြိုင်ဆေးရုံကြီးကို လွှဲပြောင်းပေးနေပါတယ်။ ကားကတော့ နှစ်စီးတက်လာတာ။ တစ်စီးက ပျက်ပြီးကျန်ခဲ့တာ။ ကျန်တဲ့တစ်စီးက မှောက်တာ။ သေဆုံးသူက အားလုံးပေါင်း ၉ ဦး၊ နေရာမှာတင် ၅ ဦးသေတယ်။ ဆေးရုံရောက်တော့ ၂ဦး ထပ်သေတယ်။ အခုမနက် သေဆုံး၂ ဦး။ မြဝတီဆေးရုံမှာအရေးပေါ်ကုသ ၁၂ ဦးကျန်တယ်၊ သေဆုံးတဲ့အထဲမှ ၂ နှစ်ကလေးပါတယ်။ ကလေးက ဆေးရုံရောက်မှသေတာ။ ကလေးအမေလက်ထဲကလွင့်ကျသွားတာပါ။ ဆေးရုံရောက်ပြီး အရေးပေါ်ကုသပေးပါတယ် မရတော့တာပါ။ အခုမနက်မော်လမြိုင် ဆေးရုံလည်းရောက်ယောကျ်ားလေး တစ်ဦးဆုံးပါတယ်”ဟု ပြောသည်။

ကားတိမ်းမှောက်မှုဖြစ်ပေါ်ခဲ့သည့် ပွင့်နေခြည်လူငယ်ဇာတ်အဖွဲ့သည် မြဝတီသို့ ပွဲကရန်သွားစဉ် ယခုလို ယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လူနာများနှင့် သေဆုံးသူ (Death Body) အားလုံးကိုလည်း မော်လမြိုင်သို့ ပြန်လည်သယ်ဆောင်သွားနေကြောင်း သိရသည်။

အဆိုပါ အာရှလမ်းမပေါ်ရှိ ကွမ်းခြံကုန်းကွေ့နေရာသည် ယာဉ်မကြာခဏ တိမ်းမှောက်မှု ဖြစ်ပေါ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များတွင်လည်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အလုပ်သမား သယ်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည်လည်း ယာဉ်အရှိန်မထိန်းနိုင်ဘဲ တောင်အောက်သို့ ကျသွားပြီး ခရီးသည်အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သေးသည်။

Photo: CJ