Home သတင်း ရဟန်း၊ သံဃာအပါး ၅ဝ ခန့် ဝါဆိုနေသည့် မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကျောင်းကြီးမီးလောင်ပြာကျ

ရဟန်း၊ သံဃာအပါး ၅ဝ ခန့် ဝါဆိုနေသည့် မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကျောင်းကြီးမီးလောင်ပြာကျ

1063
Photo: CJ

အောက်တိုဘာ ၆ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာအသီးသီမှ စာသင်သား ရဟန်း၊ သံဃာများ သာသနာ့စာပေများ သင်ကြားအားထုတ်ရာ မက္ကသာရွာ ပရိယတ္တိ စာသင်တိုက်ကျောင်းကြီးအား ယနေ့အောက်တိုဘာ ၆ ရက်နေ့၊ နံနက် ၂ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ လေယာဉ် ၄ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကျောင်းတော်ကြီး မီးလောင်ပြာကျသွားပြီး ဝါဆိုဦးဇင်းတစ်ပါးလည်း ဦးခေါင်းထိမှန်ဒဏ်ရာရသွားကြောင်း သိရသည်။

ဝင်းရေးမြို့နယ်ရှိ မက္ကသာရွာ စာသင်ကျောင်းအနီးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီမှ လေယာဉ် ၄ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် စာသင်တိုက် ကျောင်းတော်ကြီးမီးလောင်ပြာကျသွားသည့်အတွက် ကျေးရွာအသီးသီးမှ ရဟန်း၊ သံဃာတော်များနှင့် ရွာသားအများအပြား အသက်ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါကျောင်းတွင် စာသင်သား ရဟန်း၊ သံဃာများနှင့် ကျောင်းသားဦးရေ စုစုပေါင်း ၆ဝ နီးပါး အား ကျောင်းတော်ရှိ စာချသံဃာတော်များမှ ဗုဒ္ဓ၏အဆုံးအမစာပေနှင့် လောကီစာပေများ ပို့ချသင်ပေး နေပြီး ဝင်းရော်ဒေသနှင့် ဘုရားသုံးဆူဒေသ တစ်ခွင်တွင် စံပြပရိယတ္တိစာသင်တိုက်ကြီးတစ်ကျောင်း ဖြစ်လာအောင် ရည်မှန်းဆောင်ရွက်နေသော ကျောင်းကြီးအား ယခုလို လာရောက်ဗုံးကြဲ တိုက်ခိုက်သည့်အပေါ် သာသနာအတွက် များစွာစိတ်ထိခိုက်မိသည်ဟု ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒက ကေအိုင်စီသို့ မိန့်ကြားသည်။

ဆရာတော်ဦးသီရိန္ဒက “ အခြေခံ၊ မူလတန်း၊ အလတ်တန်းကနေ သာသနာဘွဲ့ရတဲ့အထိ ဖြစ်လာပြီ။ စံပြပရိယတ္တိ စာသင်တိုက်ကျောင်းဖြစ်အောင် ရည်မှန်းထားတယ်။ သာသနာအရေးတစ်ခုထဲပဲ လုပ်တယ်။ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ဆရာတော်ကပါဝင်လို့ သူတို့လာပစ်ရင် ထားပေါ့နော်။ အခုက သာသနာ့အရေး ပရိယတ်တိစာသင်တယ်ပဲ လုပ်ဆောင်နေတယ်။ သူတို့ ခုလိုလာရောက် ဗုံးကြဲသွားတာကိုတော့ အတော်စိတ်ထိခိုက်မိပါတယ်။ ဝါဆိုသံဃာ ကျောင်းသားအားလုံး ၆ဝ ကျော် က နယ်စပ်မှာ ခုစစ်ဘေးရှောင်ပြီး စာသင်စာချလုပ်နေရတယ်” ဟု မိန့်ကြားသည်။

Photo: CJ

အလှူ့ရှင် ဒါယကာ ဒါယိကာမများ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် လွန်ခဲ့သည့် ၄ နှစ်ခန့်က တည်ဆောက်ခဲ့သော မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကြီးသည် တန်ဘိုးအားဖြင့် ကျပ်ငွေ သိန်းပေါင်းတစ်သောင်းငါး ထောင်ကျော် (ထိုင်းဘတ်ငွေ သိန်း ၁ဝဝ နီးပါး) ကုန်ကျတည်ဆောက်ထားပြီး ယခုနှစ်တွင် ကျောင်းရေစက်ချအမျှဝေရန် စီစဉ်ထားလျက်ရှိသည်ဟု ကျောင်းဒါယကာများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့တွင်လည်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာများတွင် စစ်ကောင်စီ ရဟတ်ယာဉ်များ မကြခဏ လာရောက်ကင်းထောက်ပျံသန်းခဲ့ပြီးနောက် ဒေသခံရွာ သားများမှ တောတောင်ဥယျာဉ်ခြံများနှင့် နယ်စပ်ဒေသများဘက်တွင် သွားရောက် စစ်ရှောင်ခိုလှုံ ထားခဲ့ကြသည့်အတွက် ယခုလို ထိခိုက်မှုနည်းပါးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

KNU ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်မှ စစ်ရ ဟတ်ယာဉ်များဖြင့် အရပ်သားများနေထိုင်သည့် ကျေးရွာများနှင့် သာသနာ့ပရဝုဏ်နေရာများတွင် မကြာခဏ ဗုံးကျဲတိုက်ခိုက်လေ့ရှိသည်။

ထို့အပြင် ၎င်းတို့၏ တပ်စခန်းချနေထိုင်သည့်နေရာများမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လန့်လျက်ရှိသည့်အတွက် ဝင်းရော်ဒေသရှိ တံခွန်တိုင်၊ တောင်စွန်း၊ ဆင်ပြေး၊ မက္က သာရွာနှင့် အခြားစစ်ကောင်စီစခန်းနှင့် နီစပ်သည့် ကျေးရွာများမှ ရွာသားများမှာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Photo: CJ