Home သတင်း နှစ်လကြာပြန်လည်ပြုပြင်နိုင်ခြင်းမရှိသည့် ကော့နွဲကျေးရွာထိပ်ရှိလျှပ်စစ်မီးတိုင်များ ပြုပြင်၍ပြီးစီး

နှစ်လကြာပြန်လည်ပြုပြင်နိုင်ခြင်းမရှိသည့် ကော့နွဲကျေးရွာထိပ်ရှိလျှပ်စစ်မီးတိုင်များ ပြုပြင်၍ပြီးစီး

634

အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အရှေ့တောင်ဘက်ရှိ ကော့နွဲကျေးရွာထိပ်တွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး နှစ်လကြာ ပြုပြင်နိုင်ခြင်းမရှိသည့် လျှပ်စစ်မီးတိုင်များကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နေ့လည်တွင် ပြုပြင်၍ ပြီးစီးသွားပြီဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

မြ၀တီ-ကော့ကရိတ်အာရှ လမ်းသစ်လမ်းပိုင်းအတွင်း ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်က အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုကြောင့် အံကလော်ရွာနှင့် ကော့နွဲကျေးရွာအကြား လျှပ်စစ်ပင်မဓါတ်အား တိုင် ၂၃၀ ကေဗွီဓါတ်တိုင် ၂ ခု ထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကော့နွဲကျေးရွာဒေသခံတစ်ဦးက” စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့တက်လာပြီး လုံခြုံရေး ယူပေးတာလား၊ စစ်ဆင်ရေးလုပ်တာလားမသိဘူး မီးတိုင်ပြုပြင်တာအကြိမ်ကြိမ် မအောင်မြင်ဘူး။ နောက်မှ စစ်ကောင်စီမြို့ထဲဘက်ကိုပြန်နေတယ်။ အရပ်သားတွေသက်သက်လာပြင်တော့ လူကြီးတွေ ခွင့်ပြုလိုက်ပြီး ကြားတယ်။ ဒီနေ့ နေ့လည်တော့ပြုပြင်တာပြီးသွားပြီး “ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဓာတ်တိုင်များ ပျက်စီးခဲ့ခြင်းကြောင့် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၃ ခုနှင့် ကျေးရွာ ၃၀ ခန့် လျှပ်စစ်မီး ပြတ်တောက်မှုနှစ်လကြာဖြစ်ပွားခဲ့ပြီး ထိုဓာတ်တိုင် ၂ တိုင် ပျက်စီးသည့်ကိစ္စအား စစ်ကောင်စီလျှပ်စစ်ဌာနမှ ပြုပြင်ရန် လုပ်ဆောင်စဉ် တိုက်ပွဲထပ်မံဖြစ်ပွားသဖြင့် လျှပ်စစ်၀န်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့သေးသည်။

လက်ရှိတွင် ကော့နွဲကျေးရွာထိပ်နှင့် အံကလော်ကျေးရွာကြား ၎င်းလျှပ်စစ်မီးတိုင် ၂ တိုင်အား ပြန်လည်ပြုပြင်မှု ပြီးစီးသွားပြီဖြစ်၍ ကော့ကရိတ်နှင့် မြဝတီမြို့များတွင် ယနေ့ညသန်းခေါင်ယံ သို့မဟုတ် နံနက်ဖြန် အစောပိုင်းတွင် မီးပြန်လာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။