အောက်တိုဘာ ၅ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ၊၊
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မြို့အနှံ့လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ထားသော်လည်း မြို့တွင်း ည ဘက် အချိန်မတော် ခိုးယူမှုများ ယခင်ကထက် ပိုမိုဖြစ်ပွားလာလျက်ရှိကြောင်း မြို့ခံ ပြည်သူများက ကေအိုင် စီသို့ ပြောသည်၊၊
ဖားအံမြို့တွင် ပြီးခဲ့သည့် လပိုင်းများက မြို့အနှံ့လုံခြုံရေးကင်မရာများကို မီးပွိုင့်ထောင့်၊ ရပ်ကွက်၊ တံတား ထိပ်နှင့်မြို့အနှံ့နေရာများတွင် လိုက်လံတပ်ဆင်ထားသော်လည်း အခုရက်ပိုင်းအတွင်း ခိုးမှုများ ပိုမိုများပြားလာကာ သူခိုးများကိုလည်း ဖမ်းမမိကြကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်၊၊
၎င်းက”ကင်မရာတွေကတော့ နေရာတိုင်းတွေ့တယ်။ မီးပွိုင့်ဖြတ်လည်း တွေ့တယ်။ ရပ်ကွက်ထဲမှာလည်း တွေ့တယ်။ အမှတ်၂ ရပ်ကွက် ဆယ်အိမ်စုတံတားထိပ်တွေမှာကော တပ်ထားတာပဲနေရာအနှံ့။ ဒါပေမဲ့ အခု ရက်ပိုင်းမှာ ပိုက်ဆံပျောက်တာတို့ အိမ်ပေါ်တတ်ခိုးခံရတာတို့တစ်ခါမှမမိဘူး။ CCTV က ပျက်နေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ဘယ်မှာချိတ်ပြီး ကြည့်မှန်းမသိဘူး”ဟု ကေအိုင်စီသို့ ပြောသည်၊၊
ယခုလို ကင်မရာတွေနေရာအနှံ့ တပ်ထားသော်လည်း မြို့တွင်းခိုးယူမှုများ ဆက်တိုက်ဆိုသလိုဖြစ်နေပြီး ပျောက် ဆုံးရာမှာလည်း ဆိုင်ကယ်၊ စက်ဘီးအများစုသာဖြစ်ပြီး ဖားအံရဲစခန်းကိုဖုန်းဆက်တိုင်ကြားသော်လည်း ရဲတပ်ဖွဲ့ က အရေးယူဆောင်ရွက်ခြင်းမရှိသောကြောင့် ပြည်သူများအနေဖြင့် စိတ်ပျက်နေကြကြောင်းလည်း မြို့ခံများက ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးကတော့ “ပျောက်လိုက်ရင်လည်း ဆိုင်ကယ်အပျောက်များတယ်။ ပြီးခဲ့တဲ့ရက်ကဆို စက်ဘီးလာခိုးတုန်းက မိသွားတယ်။ အဲ့တာ ရပ်ကွက်က ရဲစခန်းကိုဖုန်းဆက်တိုင်တော့ သူတို့ရောက်လာတယ်။ ပြီးတော့လူကို တစ်ချက်ကြည့်တယ်။ ကြိုက်သလိုလုပ်လိုက်တဲ့ မဖမ်းသွားဘူး။ အဲ့တာတစ်ညကြိုးတုပ်ပြီး ပြန်လွှတ်လိုက်ရတယ်။ အခုခေတ်က ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတာ တစ်ကယ်ပဲ၊ စိတ်ပျက်မိတယ်” ဟု ကေအိုင်စီသို့ ပြောသည်၊၊
လုံခြုံရေး ကင်မရာများဖြစ်သော CCTV များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင်ကာ လိုက်လံတပ်ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်၊၊
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကာလများတွင် ယခုလို ခိုးမှု၊ လုယက်မှု များအုပ်စုဖွဲ့ အနုကြမ်းစီးမှုများ ဓားပြတိုက်မှုများသည် ကရင်ပြည်နယ်အပြင် အခြားသော တိုင်းနှင့် ပြည်နယ်ဒေသအများစုတွင်လည်းနေ့စဉ် ဆိုသလို ဖြစ်ပွားနေသည်၊၊
ထိုအခြေအနေများကြောင့် တိုင်းပြည်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား ပြိုပျက်စပြုနေပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးမှုမရှိတော့ကြောင်းကို ပြသနေကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုမှုများ ရှိ သည်။