Home ဆောင်းပါး မိဝေးဖဝေး ပညာရေးနဲ့ သုံးတန်းကျောင်းသားလေး ဖိုးလမင်း

မိဝေးဖဝေး ပညာရေးနဲ့ သုံးတန်းကျောင်းသားလေး ဖိုးလမင်း

495

မိဝေးဖဝေး ပညာရေးနဲ့ သုံးတန်းကျောင်းသားလေး ဖိုးလမင်း

ခေါင်ဆူလိုင့်

(၂၆ အောက်တိုဘာ၊ ၂၀၂၂)

“ငါ့နာမည်က တစ်လုံးပဲ ရှိတယ်။ ငါ့ဦးလေးက မှည့်ထားပေးတာ ဖိုးလမင်း။ ကျောင်းမှာတော့ စောဖိုးလမင်းပေါ့။”လို့ ကရင်စကားနဲ့ပြောပြနေသူက အသက် ၁၁နှစ်အရွယ် တတိယတန်း(သုံးတန်း) ကျောင်းသားလေးတစ်ယောက်ပါ။

အရပ်လေးပေကျော် ခန္ဓာကိုယ် ခပ်သွယ်သွယ်နဲ့ ကလေးငယ်တစ်ယောက်။
မွေးရပ်ဇာတိ ကျေးရွာကနေ အနည်းငယ်လှမ်းတဲ့ မိဘတွေနဲ့ဝေးရာအရပ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပညာရေးဌာနက ဖွင့်ထားတဲ့ ခရိုင်အဆင့် အထက်တန်းကျောင်းမှာ တတိယတန်းပညာကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မှာ လာရောက်သင်ယူနေသူဖြစ်ပါတယ်။

အဖေ့ဘက် ဦးလေးတော်စပ်သူက KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်းတစ်ခုရဲ့ ရုံးထိုင်မှူး ဖြစ်တော့ ဖိုးလမင်းဟာ အခြားရွာက ၈တန်း၊ ၁၀တန်းကျောင်းသားတွေနဲ့အတူ အဲဒီတပ်ရင်းရုံးမှာ လာရောက်မှီခိုရင်း ပညာသင်ကြားသူထဲမှာ အငယ်ဆုံးဖြစ်ပါတယ်။ မိဝေးဖဝေးအရပ်မှာ ဆယ်ကျော်သက်တွေနဲ့ အတူနေ၊ အတူစား၊ အတူ ကျောင်းသွားနေရပေမယ့် သူ့မှာ ရိုးသားတဲ့ မဝံ့မရဲဟန်ပန်ကလွဲလို့ ငေးငိုင်တွေဝေခြင်း မရှိပါဘူး။

ကေအဲန်ယူရဲ့ စာသင်ကျောင်းမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေဟာ ကိုယ့်ရပ်ရွာနဲ့ဝေး တဲ့နေရာမှာ အတန်းပညာသင်ယူနိုင်ရေး အသိမိတ်ဆွေအိမ်တွေနဲ့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ဖွင့်လှစ် ထားတဲ့ ဘော်ဒါဆောင်တွေမှာ သွားရောက်မှီခိုကြသလို ကေအဲန်ယူနဲ့ ကေအဲန်အယ်လ်အေ တပ်ဖက်ဆိုင်ရာရုံးတွေမှာ မှီခိုနေထိုင်ပြီး ကျောင်းတက်နေကြတာတွေလည်း ရှိပါတယ်။

ဒီလိုအခြေအနေမျိုးနဲ့ ပညာသင်ကြားနေကြတာ မြန်မာနိုင်ငံကို စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေ ပိုတိုးလို့လာနေပါတယ်။ ဒီအထဲမှာ သုံးတန်းကျောင်းသားလေး ဖိုးလမင်းလည်း အပါအဝင်ပေါ့။

တပ်ရင်းရုံးရဲ့အနောက်နားက သစ်ဂိုဒေါင်ဟောင်းလေးတစ်ခုမှာ အတန်းကြီးကျောင်းသား ၆ယောက်နဲ့အတူ နေထိုင် ရင်း မူလတန်းပညာကို သင်ကြားနေတဲ့ ဖိုးလမင်းက သူ့ရွာမှာ ကျောင်းတက်ခဲ့ရပုံကို အခုလို ပြောပါတယ်။

“ရွာမှာက ဗမာ(အစိုးရ)ကျောင်းလေ။ ၂တန်းကို ဟိုး…ရွာမှာတက်ခဲ့တာ။ မနှစ်(၂၀၂၁)ကတော့ ကျောင်းဖွင့်တယ်။ ရွာကျောင်းကဖွင့်ပေမယ့် တက်လိုက် ပိတ်လိုက်နဲ့ ရောဂါ(ကိုဗစ်)ဖြစ်တယ်ဆိုတော့ ငါ့အမိုးက မပေးတက်တော့ဘူး။ အိမ်မှာနေလည်း အလုပ်မရှိတော့ ငါ ကျွဲသွားကျောင်းတယ်။ အဲဒီတနှစ် မနားလိုက်ရင် အခုဆို ငါ လေးတန်းတက်ရပြီ လေ။”လို့ သူက ပြောပါတယ်။

“ကျွဲကျောင်းတာလည်း ခက်သားပဲ။ ကျွဲက သူများစိုက်ထားတဲ့ စပါးတွေကို လိုက်စားတယ်။ အဲဒါ စောင့်ကြည့်ရတယ်။ အိပ်ငိုက်လို့လည်း မဖြစ်ဘူး။ လယ်ကွင်းထဲသွားရင် မြက်ခင်းတွေရှိတဲ့ဘက်ကို မောင်းထုတ်ပေးရတယ်။ မမောင်းရင် သူများစပါး သွားစားတာကိုး။”လို့လည်း ဖိုးလမင်းက ဆက်ပြောပါတယ်။

သူ့ဇာတိဖြစ်တဲ့ လှိုင်းဘွဲမြို့နယ်၊ ကွီးလေးကျေးရွာမှာ ၉တန်း(န၀မတန်း)အထိ သင်ကြားတဲ့ အစိုးရစာသင်ကျောင်းရှိပေ မယ့် ဆရာ၊ဆရာမတွေက ဗမာ(စကား)လိုပဲ ပြောဆို၊ သင်ကြားပေးတော့ ကရင်စကားပဲ ကောင်းကောင်းနားလည်တဲ့ ဖိုးလမင်းက အကုန် နားမလည်ပါဘူး။

မိသားစုထဲ၊ ရွာထဲမှာ ကရင်စကားပဲ ပြောဆိုတဲ့ ဖိုးလမင်းဟာ မွေးချင်းမောင်နှမ ၇ယောက်မှာ သုံးယောက်မြောက်ဖြစ် ပြီး အကြီးဆုံးအစ်မ နော်ထူးမူးနဲ့ အစ်ကိုဖြစ်သူ စောနေသား၊ ပြီးရင် သူ့အောက်က ညီလေး စောထူးဖော။ ညီမနှစ် ယောက်နဲ့ ၈လသားအရွယ် အငယ်ဆုံးညီလေးတို့ ရှိကြတဲ့အထဲမှာ သူကတော့ ကြီးလာရင် စစ်သားလုပ်ချင်တယ်လို့ ဆိုပါတယ်။

“ငါက စစ်သားလုပ်ချင်တယ်လေ။ အဲဒါကြောင့် ငါ့ဦးလေးက ငါ့ကိုပြန်ခေါ်ပေးတာ။ အခုက ငယ်သေးတယ်။ ကြီးလာ ရင် စစ်သားလုပ်မယ်။ အခု လောလောဆယ်တော့ စစ်သားအလုပ်ကို နားမလည်သေးဘူး။ သင်မှမသင်ယူရသေးတာ။”

ဦးလေးတော်စပ်သူ KNLA တပ်ရင်းရုံးထိုင်မှူးဟာ ကြီးလာရင် စစ်သားလုပ်ချင်တဲ့ ဖိုးလမင်းရဲ့ဝါသနာကိုသိပေမယ့် ကျောင်းနေအရွယ်မှာ ပညာသင်ဖို့အတွက်ပဲ ဦးစားပေးရင်း လိုအပ်ချက်ကို တာဝန်ယူပေးပါတယ်။ တပ်ရင်းရုံးမို့ တပ် သားတွေ၊ ကျောင်းသားကြီးတွေနဲ့အတူ အဆင်ပြေအောင် နေထိုင်တတ်တဲ့ ဖိုးလမင်းဟာ မိဘ၊မောင်နှမတွေဆီကို ပြီးခဲ့ တဲ့ ဝါဆိုဝါတွင်းကာလ ကျောင်းပိတ်ရက်မှာ ဦးလေးနဲ့အတူ ရွာကိုပြန်ပြီး မိဘတွေဆီ အလည်တစ်ခေါက်ပြန်ခဲ့ပါတယ်။

ရွာကျောင်းမှာတုန်းက ၅ဘာသာပဲ သင်ရပြီး အခုတက်တဲ့ကျောင်းမှာ ၇ဘာသာ သင်ယူရပေမယ့် စာလိုက်နိုင်တယ်လို့ သူက ပြောပါတယ်။ အခုတက်ရောက်နေတဲ့ သုံးတန်းစာသင်ခန်းမှာ ကျောင်းသူ ၄ယောက်၊ ကျောင်းသား ၇ယောက် စုစုပေါင်း ၁၁ယောက်ရှိပြီး အခု စာသင်ကျောင်းက ကရင်လို ပြောဆိုသင်ကြားရတော့ ပိုနားလည်တယ်လို့ ဆိုပါတယ်။

“ရွာက စာသင်ကျောင်းမှာ ဆရာမတွေ အများကြီးပါပဲ။ ဒါပေမယ့် ကျောင်းသားတွေကို ရိုက်တာလည်းရှိတော့ ငါ ကျောင်းတက်မပျော်ဘူး။ သစ်သားပြားနဲ့ရိုက်တယ်။ သစ်သားပြားကလည်း အကြီးကြီးပဲ။ ငါကတော့ တစ်ခါမှ အရိုက် မခံခဲ့ရဖူးဘူး။ ငါ့သူငယ်ချင်းတချို့ ခံရတာရှိတယ်။ အခုတက်ရတဲ့ကျောင်းမှာတော့ ကျောင်းသားတွေကို ဆရာမတွေ ရိုက်တာ မတွေ့မိဘူး။”လို့ သူပြောပါတယ်။

ရွာကျောင်းမှာ တက်ခဲ့သူတွေထဲက သူ့အစ်မနဲ့ရွယ်တူ ကျောင်းသားတွေ ကေအဲန်ယူကျောင်းကို လာတက်ကြသလို အတန်းကြီးကျောင်းသားတွေနဲ့ အတူနေရပေမယ့်လည်း ပျော်ပါတယ်လို့ သူက ဆိုပါတယ်။

သူက “ကျောင်းတက်တာက ၉နာရီ။ ၈နာရီမခွဲခင် အရောက်သွားရတယ်။ သီချင်းသွားဆိုရတယ်။ ကော်သူးလေသီချင်း ပေါ့။ တအောင့်နေတော့ ကျောင်းတက်ရော။ နေ့လည် ၁၂နာရီဆို ကျောင်းဆင်းပြီး မွန်းလွှဲ ၁နာရီမှာ ကျောင်းပြန်တက် တယ်။ ညနေပိုင်းတော့ ၃နာရီဆို ကျောင်းဆင်းပြီလေ။”လို့ တစ်ရက်တာ ကျောင်းတက်ရတာကို ရှင်းပြပါတယ်။

အတန်းထဲမှာတော့ သုံးတန်းတက်တာ ၂နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်း စောဝါးတယ်ကို သူ အခင်ဆုံးပဲလို့ ဖိုးလမင်းက ပြောပါတယ်။ ကျောင်းမသွားခင် မနက်စာနဲ့ နေ့လည်စာကို တပ်ရင်းရုံးမှာပဲ စားရတော့ မုန့်ဖိုး မလိုပေမယ့် တခါတ လေလည်း မုန့်ကို ဆာလောင်တာမျိုး ရှိပါတယ်။ စာသင်ကျောင်းဝင်းထဲမှာ မုန့်ဆိုင်တစ်ဆိုင်ရှိပြီး အခြားကျောင်းသား တွေ အများကြီး မုန့်ဝယ်စားကြတာမြင်တော့ သူလည်း တခါတလေ မုန့်စားချင်စိတ် ဖြစ်ပါတယ်။

ကျောင်းထားပေးတဲ့ ဦးလေးက မုန့်ဖိုး တခါတလေပေးတယ်။ ကျောင်းမုန့်ဆိုင်မှာ မုန့်အမျိုးမျိုးရောင်းတော့ ပိုက်ဆံရှိ ရင် စားချင်တဲ့မုန့်လေး ဝယ်စားတယ်။ ဒီလိုဝယ်စားဖို့ ဖိုးလမင်းဟာ အရွယ်ငယ်ပေမယ့် ကျောင်းအားချိန်တွေမှာ နေတဲ့ နေရာအနားက လှေဆိပ်မှာသွားပြီး သူ့လုပ်အားနဲ့ မုန့်ဖိုးငွေရှာတာမျိုးလည်း သူ လုပ်ပါတယ်။

“လှေဆိပ်သွားထိုင်ရင်း တချို့လူတွေကို ပစ္စည်းကူသယ်ပေးတယ်။ ပစ္စည်းပေါ့ပေါ့လေးတွေပဲ ငါ သယ်တာပါ။ လေးတာ တွေတော့ မသယ်နိုင်ဘူး။ သစ်သီးတွေ၊ သခွားသီးတစ်ထုပ်လေး အဲလိုပေါ့။ သူတို့က ပိုက်ဆံပေးတော့ ငါမုန့်ဝယ်စားဖို့ ထားထားတယ်လေ။ ပစ္စည်းသယ်တာ ကိုယ့်ဖာသာ သွားလုပ်တာပဲ။ နေ့တိုင်းတော့ မဟုတ်ဘူး။”

ဖိုးလမင်းရဲ့ဦးလေးက “ကျောင်းစဖွင့်ချိန်တုန်းက မုန့်ဖိုး နည်းနည်းပါးပါး ပေးဖြစ်ပါတယ်။ နောက်ပိုင်း သူ့မုန့်ဖိုး သူ့ဖာသာသူရှာလို့ရတော့လည်း သိပ်မပေးဖြစ်တော့ဘူး။ ကျောင်းဖွင့်စကတော့ သူ့အတွက် ကျောင်းဝတ်စုံ၊ ကရင် အကျင်္ီ၊ လွယ်အိတ်၊ ဖိနပ်၊ ထီး စတာတွေကတော့ ဝယ်ပေးရတာပေါ့။”လို့ ဆိုပါတယ်။

သူ အခု ပညာလာသင်နေတဲ့ ကေအဲန်ယူကျောင်းက တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကရင်အကျင်္ီဝတ်ရပြီး ကျန်ရက် တွေမှာတော့ ရှပ်အကျင်္ီအဖြူနဲ့ ဘောင်းဘီရှည်ဝတ်ရပါတယ်။ ဒါကြောင့် ကျောင်းတက်ကျောင်းဆင်းအချိန်တွေမှာ အားကစားဘောင်းဘီအနက်လေးကို ကျောင်းအကျင်္ီဖြူနဲ့တမျိုး၊ ကရင်ဝတ်စုံနဲ့တဖုံဝတ်ပြီး ဘားတိုက်ကနေ ဘောလုံး ကွင်းကိုဖြတ်ပြီး နေ့စဉ် အချိန်မှန် ကျောင်းတက်နေတာကို တွေ့ရပါတယ်။

“ပစ္စည်းသယ်တာ လှေဂိတ်မှာမို့ ငါလည်း သူငယ်ချင်းလှေနဲ့တခါ လိုက်သွားပြီး အပြန်မှာ လှေမောင်းဖူးတယ်။ လှေအ လတ်စားပေါ့။ မောင်းချင်ရင်တော့ မောင်းတတ်ပါတယ်။ မိုးရွာလို့ ရေကြီးရင်တော့ ကလေးက လှေမောင်းလို့ မဖြစ်ဘူး လေ။”လို့ အရွယ်နဲ့မမျှအောင် စဉ်းစားတွေးတောရင်း သူ ပြောပါတယ်။

ဖိုးလမင်းနဲ့ပတ်သက်လို့ အဲဒီတပ်ရဲ့တပ်ရင်းမှူးက “သူက လိမ်မာတယ်။ ညနေ ကျောင်းဆင်းပြီးရင် လှေဆိပ်မှာ ပစ္စည်း တွေသွားသယ်ပြီး မုန့်ဖိုးရှာတာ သတိထားမိတယ်။ တခါတလေပဲ တွေ့တာပါ။ သူ့မုန့်ဖိုးလေး သူ့ဟာသူ ရှာတာမျိုးပေါ့။ ဒီမှာကျောင်းလာတက်တဲ့ ကျောင်းသားအကြီးတွေတောင် သူ့လိုမျိုး မလုပ်ကြဘူးလေ။”လို့ ပြောပါတယ်။

သူ့ရဲ့မိဘတွေဟာ အသက် ၄၀နီးပါးအရွယ်တွေဖြစ်ကြပြီး လယ်အလုပ်ပဲလုပ်ကြတော့ ဒီနှစ်မှာ သားသမီးတွေထဲက ၂ယောက်သာ ကျောင်းထားနိုင်ပြီး အိမ်မှာ ၃ယောက် ကျန်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူက သူများကျွဲကို အငှားကျောင်းနေ သလို ကျောင်းမတက်ဖြစ်တာ ၂နှစ်ရှိပြီဖြစ်တဲ့ အကြီးဆုံးအစ်မက အခုဆို အခြားရွာက အဒေါ်တစ်ယောက်ရဲ့အိမ်မှာ ကလေးထိန်းလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဖိုးလမင်း ကျောင်းလာတက်တဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေက ရွာကိုပြန်မယ်ဆို သုံးနာရီနီးပါးကြာသလို ရွာထဲအထိ ကားလမ်းပေါက်တယ်လို့ သူက ဆိုပါတယ်။ တချို့ကားတွေက သူ့ရွာကပဲမို့ ရွာကထွက်လာချိန် အမိုးအပါးတို့က သူ့ကို ထူးထူးခြားခြား မှာကြားတာတွေတော့ မရှိပါဘူး။

သူကတော့ နောက်နှစ်တွေမှာလည်း ဒီကေအဲန်ယူကျောင်းမှာပဲ ဆက်တက်မယ်။ တက်လို့လည်း ပျော်တယ်။ ရွာမှာဆို ကျောင်းတက်လို့သိပ်မပျော်ဘူး။ ဒီမှာက တက်ဖြစ်နေမှတော့ အတန်းပြီးဆုံးတဲ့အထိ တက်ရမယ်ထင်တယ်လို့ စဉ်းစား ဟန်လေးနဲ့ သူ ပြောပါတယ်။

မောင်နှမအားလုံးကိုချစ်တဲ့ ဖိုးလမင်းလေး ကျောင်းလာတက်ချိန် ညီ/ညီမငယ် ၄ဦးဟာ မိဘတွေနဲ့အတူ အိမ်မှာကျန်နေ ခဲ့ပါတယ်။ အထက်တန်းပညာ အောင်မြင်ဖို့ နှစ်အတော်ကြာ လိုအုံးမယ်ဆိုပေမယ့် အောင်မြင်သွားရင် သူ ဝါသနာပါတဲ့ စစ်သားလုပ်ဖို့အတွက် အမိုးနဲ့အပါးတို့က ဘာပြောလာအုံးမလဲဆိုတာ စောင့်နားထောင်ရအုံးမယ်လို့လည်း ခေါင်းလေး ငုံ့၊ လက်ဖဝါးလေးပွတ်ရင်း ဖိုးလမင်းက ပြောပြပါတယ်။