Home သတင်း အာရှလမ်းသစ်အား ကော်သူးလေတပ်မတော်မှ သွားလာခွင့်ကန့်သတ်ပြီး စစ်ရေးအရှိန်မြှင့်မည်ဟု ကြေညာထားသဖြင့် ကားအသွားအလာကျဲပါးနေ

အာရှလမ်းသစ်အား ကော်သူးလေတပ်မတော်မှ သွားလာခွင့်ကန့်သတ်ပြီး စစ်ရေးအရှိန်မြှင့်မည်ဟု ကြေညာထားသဖြင့် ကားအသွားအလာကျဲပါးနေ

1219
Photo: CJ

အောက်တိုဘာလ ၂၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF များ လုံခြုံရေးအပြည့်နေရာယူထားသည့် မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင် KTLA ကော်သူးလေတပ်မတော်၏ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မည်ဖြစ်သည့်အတွက် KTLA ခွင့်ပြုချက်ဖြင့် ကားများသွားလာကြရန် အမိန့်ထုတ်ပြန်ထားသဖြင့် ဒေသအတွင်းသွားလာမှုကျဲပါးနေကြောင်း ဒေသခံကားသမားများက ပြောသည်။

“ကော်သူးလေအာမီက ကြေညာချက်ထုတ်ထားတော့ အာရှလမ်းသွားရတာ စိတ်မချရတော့ဘူး၊ တောင်ကြော ပေါ်ရောက် ကားဖြတ်မောင်းနေပြီဆိုရင် ဘယ်နားက ပစ်ချမလဲ၊ ကိုယ့်ကားရှေ့ အလုံးကြီးကျမလား၊ တိုက်ပွဲ ထဖြစ်ပြီးလမ်းပိတ်မလားဆိုတာ စိတ်က ပူနေရတယ်။ အာရှလမ်းမှာက BGF တွေ စစ်တပ်တွေကလည်း အင်အားတိုးထားတာမှာ လမ်းပေါ်ဆင်း ပိုက်ဆံတောင်းတာကလည်း ပေးရတယ်။ မသွားမလာ လို့ကလည်း မဖြစ် ဆိုတော့ သွားလာနေရတယ်။ ကားတွေဖားအံဆင်းတာ သိပ်မရှိဘူးကျဲတယ်”ဟု မြ၀တီ လိုင်းကားသမားတစ်ဦးက ပြောသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီအုပ်ချုပ်ရေးဌာနများ တိုက်ခိုက်ခံရသည့် ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်စဉ်နှင့် အာရှလမ်းစစ်ကောင်စီ /BGF ငွေတောင်းဂိတ်စခန်းများ တိုက်ခိုက်ခံ ရသည့် ဖြစ်စဉ်ကြောင့် မြ၀တီမြို့-ကော့ကရိတ်မြို့နှင့် အာရှလမ်းမကြီး တောင်ကြောတစ်လျှောက် စစ်ကောင် စီတပ်၊ BGF တပ်များ အင်အားအများအပြား ဖြည့်တင်းကာ အာရှလမ်းမနှင့် မြို့လုံခြုံရေးအား တိုးမြှင့်လုပ်ဆောင် လာသည့်အတွက်၊ KTLA ကော်သူးလေတပ်မတော်မှ အောက်တိုဘာလ ၂၆ ရက် ရက်စွဲဖြင့် အာရှလမ်း သွား လာမှုအား KTLA တပ်မတော်ခွင့်ပြုချက်ဖြင့် သာသွားလာကြရန် ယမန်နေ့က စာထုတ်အသိပေးထားသည်။

ဒေသခံတစ်ဦးက “စစ်တပ်က BGF အဖွဲ့တွေနဲ့ ပေါင်းပြီး စစ်ကြောင်းပတ်နေတာ၊ ကော့ကရိတ်ရော၊ မြ၀တီရော၊ အာရှလမ်းမမှာရော၊ တက်လိုက်ဆင်းလိုက်လှည့်နေတာ၊ အထိုင်စခန်းချပြီး ကားတွေကို ပိုက်ဆံကောက်တဲ့ အဖွဲ့ တွေတော့ ကရင်ပူးပေါင်းအဖွဲ့ ခဏခဏ လာပစ်တာခံထိကြတယ်။ အခုတိုက်ပွဲတွေ ကကော့ကရိတ်မြောက်ပိုင်း လမ်းဟောင်းဘက်တို့ KNLA တပ်ရင်း ၁၀၁ ၊ KNU တပ်မဟာ ၇ ဂွင်ဘက်ကိုပါ စစ်အင်အားတိုးပြီး BGF တပ်က လမ်းပြနဲ့စစ်ကြောင်း၀င်ရှင်းမယ် သတင်းတွေထွက်နေတာကြောင့် တိုက်ပွဲတွေက တပ်မဟာ ၇ ဘက်ကို ပါ ကူးဆက်လာမယ့် သဘောတွေ့ နေရတယ် ”ဟု ပြောသည်။

KNU တပ်မဟာ ၆ ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း စစ်ရေးနှစ်ဖက်တင်းမာနေပြီး လေကြောင်းမှ ပစ်ခတ် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အခြေအနေကြောင့် တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကောင်းမှု၊ ပျားပင်၊ ဆင်ကုန်း၊ လှိုင်ကွယ်၊ တံတားကျိုး၊ ဝိဇ္ဇာကုန်း၊ တတန်ကူး ၊ ကော့နွဲဒေသခံများ စစ်ဘေးရှောင် ဦးရေ ၃၀၀၀ထောင်ကျော်ခန့် ဒေသတွင်း ဘုန်းကြီးကျောင်းများ တွင် ယာယီ ခိုလှုံ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။ ထို့အတူ ကော့ကရိတ်မြို့တွင်း ရပ်ကွက် နေအိမ်များတွင်လည်း ဗုံးခိုကျင်းများတူးကာနေထိုင် နေကြရကြောင်း မြို့ခံများက ပြောသည်။