Home သတင်း မုန်းမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့

မုန်းမြို့နယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့

1349
Photo: KNU

အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ညောင်လေးပင်ခရိုင်၊ (တပ်မဟာ ၃နယ်မြေ) မုန်းမြို့နယ် တခေါ့ပွာကျေးရွာမှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့တွင် အင်းအား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သည် အောင်းလောင်းစိန်ကျေးနှင့် တခေါ့ပွာကျေးရွာကို စစ်ကြောင်းထိုးရောက်လာစဉ် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုရွာသူအမျိုးသမီးကို ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

သူက “ နားရွက်ကိုဖြတ်ပြီးတော့ အဲဒီအမျိုးသမီး နားကပ်ကိုလည်းဖြုတ်ယူသွားတယ်။ သတ်ပြီးနောက် တစ်ရက်မှ အလောင်းကိုသွားတွေ့တာ။ အဲဒီရွာမှာလည်း လူတွေက မရှိကြတော့ဘူး စစ်ရှောင်ကုန်ပြီး။ အဲဒီအမျိုးသမီး ကိုသတ်တာလည်း ရွာအပြင်ဘက် လယ်ထဲမှာရှိတဲ့အချိန်မှာ သတ်လိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါသတ်ဖြတ်ခံရသည့်အမျိုးသမီးသည် အသက် ၄၅နှစ်အရွယ်နော်ဒေးညား ဖြစ်ပြီး စစ်ကောင်စီ ခြေမြန် တပ်ရင်း ခမရ-၅၉၉ က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က သတင်းထုတ်ပြန်ထားသည်။

ထိုနေ့တွင် အဆိုပါ ဒေသခံအမျိုးသမီးကိုသတ်ဖြတ်ခဲ့သည့်အပြင် အောင်းလောင်းစိန်ကျေးရွာရှိ လယ်သမားနေ ထိုင်သည့် တဲ ၂ လုံးနှင့် ကြံခင်းတစ်ခင်းကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကေအဲန်ယူ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ရက်နေ့တွင်လည်း မုန်းမြို့နယ်ထဲတွင် စစ်ကြောင်းထိုးဝင်လာ သည့်စစ် ကောင်စီတပ်မှ မောကဲသာပယ်ခို ကျေးရွာသား အယောက် ၃၀ ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အများကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ကျန် ၉ ဦးကို ဆက်လက်ဖမ်းဆီးခေါ်ဆောင်ထားဆဲဖြစ်သည်ဟု ကေအဲန်ယူက အောက်တိုဘာလ ၂၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဒေသခံရွာသားတစ်ဦးကလည်း “ ဒီကလူတော်တော်များများက စစ်ရှောင်တယ်။ စစ်ရှောင်တချို့က ဒီအချိန်မှာ စပါးပြန်လာရိတ်ပြီး တဲမှာနေကြတယ်။ ဘယ်သူမှရွာမှာ ပြန်နေမရဲဘူး၊ အခုရွာထဲမှာတော့ တိတ်ဆိတ်ဘဲ။ လမ်းမကြီးပေါ်မှာလည်း ဆိုင်ကယ်၊ ကားသံတွေ မရှိတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင်ထဲတွင် ၂၀၂၂ခုနှစ် မေလမှစတင်၍ ပြီးခဲ့သည့် စက်တင်ဘာလထိ ၅ လအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးသွားခဲ့ပြီး ကျေးရွာပေါင်း (၁၂၅)ရွာမှ အရပ်သား ပြည်သူ တစ်သိန်းနီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင် သတင်းထုတ်ပြန်သည်။