အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့နယ် ဖားအံ-ဇာသပြင်အဖြောင့်လမ်းတွင် ယနေ့အောက်တိုဘာလ ၁၂ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ဇာသပြင်မှ ဖားအံသို့ ပြန်လာသည့် ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းမှ လမ်းတစ်လျှောက်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်သည့်အတွက် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး လူနေအိမ်အဆောက်အဦးအချို့လည်း ကျည်ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက“ပြန်လာတာလမ်းတစ်လျှောက်လုံးပဲ လမ်းဟိုဘက်ဒီဘက် ပစ်နေကြတယ်။ ဘာကြောင့် ပစ်တာလည်းတော့ မသိရဘူး။ စစချင်းကြားတော့ စိတ်ထင် ရွာကထိန်ပွဲမှာ မီးပန်းပစ်တာပဲ။ နောက်မှ နီးနီး လာတော့ ကထိန်ခင်းလူတွေလည်း အကုန်လန့်ပြီးပြေးတယ်။ ပြီးတော့ အိမ်တွေလည်း ထိသွားတယ်။ ထိတဲ့လူတွေရှိတယ်လို့ကြားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်များနှင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် မူကဝါရွာမှ အမျိုးသမီးကြီး တစ်ဦးနှင့် အခြားကျေးရွာမှ ကလေးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ကနဦး သိရှိရသည်။
စစ်ကောင်စီတပ်၏ ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းဘေးတစ်တလျှောက် နေထိုင်သည့် ဒေသခံ ရွာသားအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖားအံ-ဇာသပြင် အဖြောင့်လမ်းတွင် စစ်ကောင်စီတပ်၏ လွှမ်းမိုးသည့် နယ်မြေဖြစ်သလို ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ဖွဲ့ဝင်အချို့ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။




















