Home သတင်း ကော့ကရိတ်မြို့တိုက်ပွဲဖြစ်နေရာနှင့်မဆိုင်သည့် ကျေးရွာများဘက် လေကြောင်းမှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေ

ကော့ကရိတ်မြို့တိုက်ပွဲဖြစ်နေရာနှင့်မဆိုင်သည့် ကျေးရွာများဘက် လေကြောင်းမှ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေ

620

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သည် လေကြောင်းမှ တိုက်လေယာဉ် ၊ ရဟတ်ယာဉ်များဖြင့် တိုက်ပွဲ ဖြစ်နေရာနှင့် မသက်ဆိုင်သည့် ကရင်ဒေသခံကျေးရွာများဘက်သို့ ဗုံးကြဲ ပစ်ခတ်မှုများကြောင့် ဒေသခံနေအိမ်နှင့် လူထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

“တိုက်ပွဲ ဖြစ်နေတာ မြို့ထဲက ရုံးကြီးကုန်းအပိုင်း အမှတ် ၇ ရပ်ကွက်ဘက်မှာပါ၊ ရဲစခန်းတွေ၊ အချုပ်ထောင်တွေ ၊ စစ်ကောင်စီရုံးတွေ၊ ၉၇ စစ်တပ်တွေဘက်မှာပါ ၊ လေယာဉ်က ပျားပင် ၊ ကောင်းမှု၊ တံတားဦး၊ ခနိမ်းမူ နောင်ကိုင်း၊ ရန်ကုတ်ဘက်တွေ ပျံဝဲ ပြီး ၊ ဗုံးလည်းကြဲပစ်လည်းပစ်ချနေတယ်။ အဆိုးဆုံး နေရာက ကောင်းမှုရွာဘက်ကို သဲသဲမဲမဲကို ရဟတ်ယာဉ် ၂စီးနဲ့ ပစ်နေတယ်”ဟု ကော့ကရိတ် ရန်ကုတ်ကျေးရွာ ဒေသခံက ပြောသည်။

ယနေ့ ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရဲ ၅ ဦးကျဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ကော့ကရိတ် မြို့တွင်း စစ်ကောင်စီတပ် ၉၇တပ်မှ ပစ်ခတ်သည့် မော်တာကျည်များမြို့တွင်း လူနေရပ်ကွက်များပေါ် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိကြောင်းကနဦး သိရပြီး လေကြောင်းမှ ကရင်ဒေသခံများနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများဘက်အထိ တိုက်လေယာဉ်ဖြင့် ပစ်ခတ် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ထိခိုက်သေဆုံးမှုများ ဆက်လက် ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

“ ၁၀ နာရီကျော်မှာ တိုက်လေယာဉ် ၂စီးနဲ့ ရဟတ်ယာဉ် ၂ စီးပတ်ဝဲနေပြီးခနိမ်းမူ၊ ပျားပင်၊ တံတားဦး ပိုင်းဘက်တွေကို လေယာဉ်က ပတ်ပစ်တယ်၊ ဗုံးကြီးကြဲချတယ်၊ လူတွေအိမ်တွေထိကုန်တယ်၊ ကော့ကရိတ် ခရိုင်ရဲရုံးတို့ ရဲအချုပ်တို့၊ ၉၇ စစ်တပ်တို့ကိုလည်း ကရင်အဖွဲ့တွေ၀င်ပစ်တာမှာ တိုက်ပွဲကဆက်ဖြစ်နေတုန်းပဲ ၊ လေယာဉ်ပတ်ပြီးပစ်နေတာ ၁၀ ခါလောက်ရှိပြီ၊ ထပ်ပြီးထိကြ၊ သေကြတာတွေရှိနေတယ် ”ဟု ကော့ကရိတ်မြို့တွင်း တိုက်ပွဲအနီး နေထိုင်ပုန်းအောင်းနေကြရသည့် မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် မြ၀တီ မြို့ဘက်တွင်လည်း စစ်ကောင်စီတပ်၊ BGF တပ်များ မြို့တွင်းမြို့ပြင်စစ်ရေး လှုပ်ရှားကင်းပတ် လုံခြုံရေး ပြင်ဆင်မှုများရှိနေပြီး။ စာသင်ကျောင်းများ၊ ရုံးများပိတ်ခိုင်းနေကြောင်း၊ မြို့တွင်းမြို့ပြင် စစ်ဆေးမှုများ၊ လမ်းပိတ်ထားမှုများ လုပ်ဆောင်နေကြောင်း မြ၀တီမြို့ခံများပြောစကားအရ သိရသည်။