Home ဆောင်းပါး ဖက်ဒရယ်ရှေ့ခရီးမှာ မလွဲမသွေ တိုက်ဖျက်ပစ်ရမယ့် အမြင် ၃ ခု

ဖက်ဒရယ်ရှေ့ခရီးမှာ မလွဲမသွေ တိုက်ဖျက်ပစ်ရမယ့် အမြင် ၃ ခု

1312
Photo: Internet

ဖက်ဒရယ်ရှေ့ခရီးမှာ မလွဲမသွေ တိုက်ဖျက်ပစ်ရမယ့် အမြင် ၃ ခု

မောင်ကျော်စွာ

(၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၁ရက်)

မင်းအောင်လှိုင်နဲ့ (NCA) စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ဖွဲ့ထဲက အဖွဲ့ ၇ဖွဲ့၊ (NCA) လက်မှတ်မထိုး ရသေးတဲ့ ၃ဖွဲ့တို့ ဒုတိယအကျော့ ဆွေးနွေးကြတာ ပြီးသွားပြန်ပြီ။

(RCSS)အဖွဲ့က (၁၀-၁၀-၂၀၂၂) ရက်စွဲနဲ့ ပြည်ထောင်စုတစ်ဝန်းနဲ့ ရှမ်းပြည်နယ်မှာရှိကြတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲလိုတယ်ဆိုတဲ့ ကာလအကန့်အသတ်ပါရှိတဲ့ ကြေညာချက်ထုတ်ပြန်လာ တယ်။

(၁၅-၁၀-၂၀၂၂)ရက်နေ့မှာ (NCA) စာချုပ် (၇)နှစ်ပြည့်ပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြတယ်။ မင်းအောင် လှိုင်က ဗွီဒီယိုကတဆင့် မိန့်ခွန်းပေးတယ်။ အဲဒီ ၇နှစ်ပြည့်ပွဲကို အဆိုပါ ၇ဖွဲ့က တာဝန်ရှိကိုယ်စားလှယ်တွေ တက် ရောက်ခဲ့ကြတယ်။ ခွန်ဥက္ကာ၊ ခိုင်စိုးနိုင်အောင်၊ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ကြတယ်။ ဗိုလ်အောင်မင်းနဲ့ ဗိုလ် သိန်းဇော်တို့ကတော့ (မင်းအောင်လှိုင်ရဲ့ စေ့စပ်ရေးဆိုင်ရာ လက်စွဲတော်) ဗိုလ်ရာပြည့်ရဲ့ ဝဲ/ယာဘေးနှစ်ဖက်မှာ ကပ်လျက်ထိုင်နေတာ သတင်းဓာတ်ပုံထဲမှာ တွေ့ရတယ်။

(ALP)ထဲမှာ အစုကွဲနေကြတဲ့ ခိုင်စိုးနိုင်အောင်နဲ့ စောမြရာဇာလင်းတို့ (စကစ)စစ်အုပ်စု ကြီးမှူးကျင်းပတဲ့ (၇)နှစ်မြောက်ပွဲ NCA စားပွဲမှာ လာဆုံနေကြတယ်။ ထို့အတူ (PNLO)က ဖြားတန်ခွန်ဥက္ကာနဲ့ ဒုတိယဥက္ကဋ္ဌ ခွန်ထွန်း တင်။ ထို့အတူ (DKBA) က စောကျော်သန်းဌေး၊ (KNU/KNLA- PC) က ဒေါက်တာနော်ကပေါ်ထူး၊ ပဒိုရွှေမောင်း(KNU) တို့အသီးသီးဟာ မိခင် (KNU)အဖွဲ့အစည်းကနေ တစ်ဖွဲ့စီတစ်ဂိုဏ်းစီ၊တစ်ဦးစီ ခွာပြဲနေကြပေမယ့် (စကစ)စစ်အုပ်စု က ကြီးမှူးကျင်းပတဲ့ (၇)မြောက် NCA စားပွဲဝိုင်းမှာ လာပြီးဆုံနေကြတယ်။ မင်းအောင်လှိုင်ရဲ့ ဗွီဒီယိုမိန့်ခွန်းကို အတူ တကွ နားထောင်နေကြတယ်။ မထူးဆန်းဘူးလား။ မထူးဆန်းပါဘူး။ ဒါဟာ ဒီနေ့ကာလ လူမျိုးစုအဖွဲ့အစည်းတွေထဲက အခြေအနေတစ်ခုကို လက်တွေ့ မြင်ကြရတဲ့သဘောပါပဲ။

လူမျိုးအရလည်း တစ်မျိုးတည်း၊ မိခင်အဖွဲ့အစည်းကလည်း တစ်ခုတည်း၊ ဘုံရန်သူကလည်း တစ်ဦးတည်း ဒါပေမယ့် သူတို့ချင်း တစ်ဖွဲ့စီ၊ တစ်မျိုးစီ ဒူးရင်းသီးလို ကွဲနေကြတယ်။ ဒါပေမယ့် (စကစ)စစ်အုပ်စုက ကျင်းပတဲ့ပွဲမှာ လာပြီး မျက်နှာချင်းဆိုင်နေကြတယ်။ ဒါဟာ ယနေ့တော်လှန်ရေးကာလလို့ ဆိုတဲ့ကာလထဲက ပကတိအနေအထား တစ်ခုပါပဲ။

ဒါ့အပြင် အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ အပစ်အခတ် မရပ်စဲရ သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါ ပါဝင်တဲ့ Ethnic Seminar တစ်ခုကို ယခုနှစ် (၂၀၂၂ခုနှစ်) မကုန်မီ ကျင်းပနိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က ပြင်ဆင်နေတယ်ဆိုတဲ့သတင်းလည်း အခိုင်အ မာ ကြားသိရပါတယ်။
အဲဒီလို အခြေအနေ အကြောင်းအရာတွေကို အခြေခံပြီး ကျနော်သုံးသပ်တင်ပြချက်ကို ဒီနေရာကနေ အစပြု ပါရစေ။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြရမယ်” ဆိုတဲ့ တံခါးပေါက်ကို ကျနော်တို့အနေနဲ့ အစဉ်အမြဲ ဖွင့်လှစ်ထားဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ဘုံရန်သူ (စကစ) စစ်အုပ်စုကို စစ်မြေပြင်မှာလည်း ရင်ဆိုင်တိုက်ခိုက်ဝံ့ သလို စားပွဲဝိုင်းမှာလည်း ရင်ဆိုင်ဖို့ အမြဲအသင့်ရှိနေဖို့ လိုအပ်ပါတယ်။ သမိုင်းဖြတ်သန်းမှု လက်တွေ့ထဲကိုကြည့်ရင် တိုင်းရင်းသားလူမျိုးစု ဘယ်အဖွဲ့အစည်းမဆို စစ်အုပ်စုနဲ့ မဆွေးနွေးဖူးတာ မရှိပါဘူး။

ဒါကြောင့် ဘယ်လိုအခြေခံမူအပေါ်မှာ ရပ်တည်ပြီး ဘယ်လိုသဘောထားမျိုးကို ကိုင်စွဲကာ ဆွေးနွေးကြမလဲ ဆိုတဲ့ကိစ္စကသာ ပိုပြီးအရေးကြီးပါတယ်။ ဖြတ်သန်းလာကြတဲ့ သမိုင်းလက်တွေ့အပေါ်ကနေပြောရရင် စေ့စပ်ဆွေး နွေးပွဲဆိုတာ ရန်သူ့အခြေအနေ၊ မိမိအခြေအနေ၊ မဟာမိတ်များအခြေအနေ၊ နိုင်ငံတကာအခြေအနေအပေါ်မှာ မူတည် ပြီး ပေါ်ပေါက်လာတတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အကြောင်းအချက်အပေါ်မှာ တစ်ဖွဲ့ချင်းဟာ ကိုယ်ပိုင် ဆုံးဖြတ်ပြုမူ ကြရတာပါပဲ။ မဆွေးနွေးနဲ့ ဆွေးနွေးပါလို့ ဘယ်သူကမှ အတင်းအကြပ် တွန်းပို့လို့ / ဆွဲထားလို့ မရနိုင်ပါဘူး။ ပြီးတော့ ၁၉၈၉ခုနှစ်နောက်ပိုင်း (နဝတ-နအဖ)စစ်အုပ်စုကနေ ဒီနေ့(စကစ)စစ်အုပ်စုအထိ စေ့စပ်ဆွေးနွေးခဲ့တာတွေဟာ အရင်းခံပြေလည်မှုကို မရရှိကြဘဲ ယာယီ ပြေလည်မှုသဘောသာဖြစ်တယ်။ အချိန်မရွေး သေနတ်သံပြန်ထွက်တတ် တယ်၊ တိုက်ပွဲတွေပြန်ဖြစ်တယ်ဆိုတဲ့ လက်တွေ့ဖြစ်စဉ် ဖြစ်ရပ်တွေကိုလည်း အဆက်မပြတ် ကြုံတွေ့ခဲ့/ ကြုံတွေ့ရဆဲ ဖြစ်နေပြန်တယ် မဟုတ်ပါလား။

ဒါကြောင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတွေ တစ်ဖွဲ့စီအတွင်းထဲမှာ (အာဏာရသူနဲ့) စစ်အုပ်စုနဲ့ စေ့စပ် ဆွေးနွေးရေးဆိုတဲ့ အတွေးအခေါ်ဟာ မတူတဲ့အတိုင်းအတာနဲ့ အစဉ်အမြဲ တည်ရှိနေတာဖြစ်တယ်။ သက်ဆိုင်ရာ လူမျိုးစုအဖွဲ့အစည်းအတွင်းထဲက “စေ့စပ်လိုသူနဲ့ မစေ့စပ်လိုသူတွေရဲ့ အမြင် ၂ရပ်၊ အုပ်စု ၂စုရဲ့ အင်အားချိန်ခွင်လျှာ အနေအထားကနေ တိုက်ရိုက်ပေါ်ထွက်လာတဲ့ လက်တွေ့ရလဒ်ဟာ နွေဦးတော်လှန်ရေးအပေါ်မှာ အတိုင်းအတာတစ် ခုအနေနဲ့ သက်ရောက်စေနိုင်ပါတယ်။

အဲဒီအတိုင်းအတာဟာ ပုံစံ ၃မျိုးနဲ့ သက်ရောက်နိုင်ပါတယ်။ ပထမပုံစံက မစေ့စပ်လိုသူတွေက အသာစီးရသွား တဲ့ အနေအထားမျိုးပါ။ ဒုတိယပုံစံကတော့ မစေ့စပ်လိုသူတွေက အသာစီးရသွားတာမျိုးပါ။ တတိယပုံစံကတော့ မစေ့ စပ်ရေးနဲ့ စေ့စပ်ရေး (ယာယီအားဖြင့်) ချိန်ခွာလျှာတန်းနေတဲ့ (ဘောင်ပိတ်နေတဲ့) အနေအထားမျိုးဖြစ်ပါတယ်။ အဲဒီလို တတိယပုံစံအနေအထားမျိုးကတော့ အချိန်ကာလအကြာကြီး မတည်ရှိနိုင်ပါဘူး။ စေ့စပ်ရေးဘက်ကသော်လည်း ကောင်း၊ မစေ့စပ်ရေးဘက်ကသော်လည်းကောင်း အနှေးနဲ့အမြန် အသာစီးရသွားမှာသာ ဖြစ်ပါတယ်။ အခုလက်ရှိ အနေအထားက “တတိယပုံစံ” အနေအထားမျိုးဖြစ်တယ်လို့ ကျနော်ရှုမြင်ပါတယ်။ ယူဆပါတယ်။

ဒါ့ကြောင့် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ဆိုတဲ့ အကောင်းမြင်စိတ်ထားနဲ့ (အကယ် ၍ စေ့စပ်ရေးဘက်ကများ အရေးသာသွားခဲ့သော်” ဆိုတဲ့ စဉ်းစားချက်နဲ့) “နွေဦးတော်လှန်ရေးရဲ့ ရှေ့အလားအလာအ ပေါ်” အစိုးရိမ်ပိုနေမိပါတယ်။ ကျနော့်စိုးရိမ်မှုက အချက်အလက်မဲ့ စိုးရိမ်မှု မဟုတ်ပါဘူး။ ၁၉၈၈ခုနှစ်က တောခို ကျောင်းသားလူငယ်တွေ ကြုံခဲ့ရတဲ့အဖြစ်မျိုး ယနေ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ မျိုးဆက်သစ်တွေ တစ်ပြန်တစ်လှည့်ကြုံရမှာကို နှိုင်းယှဉ်စာနာမှုနဲ့ စိုးရိမ်နေမိတဲ့ စိုးရိမ်မှုမျိုးသာဖြစ်ပါတယ်။ ထိုစဉ်က တက်ကြွရဲရင့်ခဲ့ကြ တဲ့ ကျနော်တို့လူငယ်တွေဟာ သူတို့မှီခိုအခြေပြုရာ အဖွဲ့အစည်းတွေရဲ့ အနေအထားအပေါ်မှာမူတည်ပြီး သင်းသပ်ခံရ တဲ့ သစ်ပင်တစ်ပင်လို မတ်တပ်ခြောက်သွားခဲ့ရပါတယ်။

အခုလည်း မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ဦးတည်ပြီး ချော့မြှူအချိုသပ်ပြီး အပေးအယူ လုပ်နေတာပါ။ ဒီလုပ်ရပ်ရဲ့အတွင်းသဘောကို မြင်အောင်ကြည့်နိုင်ဖို့လိုပါ တယ်။ ဒီလုပ်ရပ်ရဲ့ အတွင်းသဘောက ၂ဆင့်ဖြစ်ပါတယ်။ ပထမတစ်ဆင့်က နွေဦးတော်လှန်ရေးအင်အားစုနဲ့ လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ပိုင်းခြားပစ်ပြီး နွေဦးတော်လှန်ရေးကို အပြတ်အသတ် ချေမှုန်းပစ်ဖို့ဖြစ် တယ်။ တိုင်းရင်းသားလူမျိုးစုတွေကိုတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ (NCA)စာချုပ်ဘောင်ထဲကို အပေးအယူ တချို့ပြု လုပ်ပြီး အချိုသပ်ထားဖို့ ဖြစ်တယ်။ ဒါကလည်း ယာယီကာလအတွက်သာဖြစ်ပြီး နွေဦးတော်လှန်ရေးကို ပီပီပြင်ပြင် ချေမှုန်းပြီးတာနဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေကို အပိုင်းလိုက်၊ အပိုင်းလိုက် ချေမှုန်းရေး စတင်မှာ ဖြစ်ပါ တယ်။

ဒီအတွင်းသဘောကို မမြင်နိုင်တဲ့အခါ သို့တည်းမဟုတ် မြင်ပေမယ့် ကိုယ်ကျိုးစီးပွားကိုပဲ တစ်ဖက်သတ်ကြည့် ကြတဲ့အခါ ရန်သူ့တိုက်ကွက်ဟာ တစတစ အရေးသာလာမှာ၊ အပေါ်စီးရလာမှာ ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ (NLD)နိုင်ငံရေးပါတီကြီး ဘယ်လိုဖြစ်သွား သလဲ။ ဒီအချက်ဟာ သိပ်အများကြီး ဆွေးနွေးပြောဆိုရမယ့်ကိစ္စ မဟုတ်တော့ပါဘူး။ အကျိုးရလဒ်ကို လက်တွေ့က အထင်အရှား ပြသခဲ့ပြီ၊ မြင်တွေ့ခဲ့ရပြီဖြစ်တဲ့ကိစ္စ မဟုတ်ပါလား။ “စစ်အုပ်စု” တည်ရှိမြဲတည်ရှိနေမယ်။ ၂၀၀၈ အခြေ ခံဥပဒေ တည်ရှိမြဲ တည်ရှိနေမယ်ဆိုရင် (NLD)ပါတီ တိုးခဲ့တဲ့ ကံကြမ္မာမျိုးဟာ ဘယ်ပါတီမဆို ကြုံရမှာ မြေကြီးလက် ခတ် မလွှဲပါဘူး။

“၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ ကြက်ခြင်းကြီးထဲမှာ ဘယ်လောက်ပဲ “ဇ”ရှိပါစေ။ စစ်အုပ်စုက စိတ်ကြိုက် ရွေး ထုတ်ပြီး သတ်စားတာကို တစ်နေ့မဟုတ်တစ်နေ့ မလွဲမသေ ခံကြရမှာပါ။ (NLD)ပါတီကလည်း စစ်အုပ်စုကို ပညာပေး တရားချနိုင်လိမ့်မယ်၊ သင့်မြတ်ရေးတရားရေအေးနဲ့ ဆင်မိုက်ကြီး ဒူးတုပ်လာလိမ့်မယ်လို့ အထင်ကြီး ‘ထင်’ခဲ့ကြဖူးတာ ပဲ မဟုတ်ပါလား။ သို့သော်လည်း အဲဒီအထင်၊ အဲဒီစိတ်ကူးယဉ်မှု ပူစီဖေါင်းကို (၁-၂-၂၀၂၁)မှာ မင်းအောင်လှိုင်ရဲ့ (စကစ)စစ်အုပ်စုက မညှာမတာ ထိုးဖောက်ပစ်ခဲ့ပြီ မဟုတ်ပါလား။

အခုလည်း တိုင်းရင်းသားလူမျိုးစုတွေကို ၂၀၀၈အခြေခံဥပဒေထဲက ပြင်သင့်တာတွေ ပြင်ဆင်မယ်ဆိုတဲ့ စကားနဲ့ မင်းအောင်လှိုင်က မြှူဆွယ်နေပြန်ပါတယ်။ သင်တို့ သူပြောတာကို ယုံကြည်ကြပါလား။

ဒုတိယအကျော့မှာ (SSPP)၊ (UWSP)နဲ့ (NDAA) တို့က တောင်းဆိုခဲ့ကြတဲ့အချက်တွေဟာ ၂၀၀၈အခြေခံဥပ ဒေဘောင်ထဲကနေ အကောင်အထည်ဖော်လို့ လက်တွေ့ ဘယ်လိုမှ မရနိုင်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း ပစ်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ထို့အပြင် စစ်အုပ်စု – စစ်အစိုးရနဲ့ စစ်ဗြူရိုကရေစီယန္တရားကို အကုန်အစင် ဖျက်သိမ်းပစ် နိုင်မှလည်း သင်တို့ရရှိလာတဲ့ တောင်းဆိုချက်တွေဟာ ရေရှည်အာမခံချက် ရှိပါလိမ့်မယ်။ ဒီလိုမှ မလုပ်နိုင်ရင်တော့ သင်တို့ရရှိထားတဲ့ ရလဒ်တွေဟာ စစ်အုပ်စုက အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ မကြာမီမှာ ရုပ်သိမ်းပယ်ဖျက်ပစ်တာကို ခံသွားရပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ နှိုးဆော်လိုတဲ့အချက်ကတော့ (PPST) ခေါ်ယူမယ်လို့ စိုင်းပြင်းနေတဲ့ Ethnic Seminar ကျင်း ပနိုင်သည်ဖြစ်စေ/မကျင်းပနိုင်သည်ဖြစ်စေ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအကြားမှာ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတစ်ခုထဲအတွင်းမှာ အောက်ပါအမြင် ၃ခုကို ပြတ်ပြတ်သား ဆန့်ကျင်တိုက်ဖျက်ကြဖို့ လိုအပ်ပါ လိမ့်မယ်။ ဒါမှ တန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုရှေ့ခရီး ချောမွေ့ဖြောင့်ဖြူး ပါလိမ့်မယ်။

မလွဲမသွေ တိုက်ဖျက်ရမယ့်အမြင် ၃ခု။
(၁) ဒီနေ့ပဋိပက္ခဟာ ဗမာ – ဗမာချင်း ပဋိပက္ခဖြစ်တယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့အမြင်။
(၂) ၂၀၀၈ အခြေခံဥပဒေထဲကနေ အာဏာ၊ သယံဇာတ၊ အခွန်အခတွေ ပြည်ထောင်စုနဲ့ပြည်နယ် တန်းတူညီမှ ခွဲဝေ နိုင်တယ်၊ ‘ပြည်နယ်’ ရရှိနိုင်တယ်၊ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ’ ရရှိနိုင်တယ်ဆိုတဲ့ အမြင်။
(၃) လူမျိုးစုဆိုတာ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသအတွက်ပဲ လုပ်ရမယ်ဆိုတဲ့အမြင်။